အင်္ကျီလက်ရှည် လည်ကတုံး အဖြူရောင် ၀တ်ဆင်ထားသော
တပ်မတော် ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဦးဇေယျာဖြိုးကို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်
ဦးတိလောကဘိဝံသ၊ သီတဂူဆရာတော် အရှင်ဥာဏိဿရတို့
နှင့်အတူ ၂ဝ၁၅ ခုနှစ်ခန့်က တွေ့ရစဉ်
ဆွေဝင်း/Myanmar
Now
ရန်ကုန်
(Myanmar Now)--အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်
စပ်လျဉ်း၍ အမျိုးသားနှစ်ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် လွန်ခဲ့သည့်
ရက်သတ္တပတ်ကျော်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဦးဇေယျာဖြိုး
ဆိုသူအား ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က တာမွေလေးရပ်ကွက်တွင် လည်းကောင်း၊ ဦးတင်ထွန်းအောင်ဆိုသူအား
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မာန်အောင်ရပ်ကွက်တွင် လည်းကောင်း ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း
တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်
ဦးလှသိန်းက ပြောကြားသည်။
ဦးဇေယျာဖြိုးကို
ဖမ်းဆီးစဉ် ဝန်ထမ်းသက်သေခံကတ် သုံး၊ လေးခု၊ ဦးတင်ထွန်းအောင်ကို ဖမ်းဆီးစဉ် တပ်မတော်
ထောက်လှမ်းရေးအကူတပ် အဖွဲ့ဝင် ကတ်ပြား တွေ့ရှိခဲ့သည်ဟု သိရကြောင်း ဦးလှသိန်းက
Myanmar Now ကို ပြောကြားသည်။
“သူတို့တွေက ဒီဒေသခံမဟုတ်ဘူး။ ဒီမှာလာပြီး ပုန်းအောင်းနေတာလို့သိရတယ်”
ဟု ဦးလှသိန်းက ဆိုသည်။
၁၉၇၄တွင်
မွေးဖွားခဲ့သော ရန်ကုန်မြို့ဇာတိ ဦးဇေယျာဖြိုးသည် စစ်တက္ကသိုလ်အမှတ်စဉ် ၃၈ ဆင်းဖြစ်ပြီး၊
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့် ဦးဆောင်သော တပ်မတော်ဗဟိုထောက်လှမ်းရေးတပ် ဖျက်သိမ်းမခံရခင်
၂ဝဝ၄ခုနှစ် အောက်တိုဘာလအထိ ဗိုလ်ကြီးအဆင့် ဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဟု သူနှင့်နီးစပ်သူ
စစ်ဖက်အသိုင်းအဝိုင်းက Myanmar Now ကို ပြောဆိုသည်။
“(အခြားထောက်လှမ်းရေးအဖွဲ့ဝင်တွေလို) သူက ထောင်တွေ ဘာတွေမကျဘူး။သူ
ထောက်လှမ်းရေးက ထွက်ရပြီးနောက်ပိုင်း စီးပွားရေးကုမ္ဗဏီတွေ အများကြီး လုပ်နေတာ”
ဟု သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ဦးဇေယျာဖြိုးကို
ဖမ်းဆီးထားသည်မှာ ဟုတ်မှန်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ. ပြောရဲဆိုခွင့်ရှိသူရဲမှုးလှဝေက
အတည်ပြုပြောကြားသော်လည်း၊ ဦးတင်ထွန်းအောင်နှင့်ပတ်သက်၍မူ မသိရှိကြောင်း၊ ဦးကိုနီ အမှု
နောက်ဆက်တွဲအခြေအနေများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို.ရှိ မူးယစ်ပြတိုက်တွင်
ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု သူကဆိုသည်။
ရန်ကုန်
အင်းစိန်မြို့နယ်ရှိ အမျိုးဘာသာ သာသနာစောင့်ရှောက်အဖွဲ့ဥက္ကဌ ဆရာတော် ဦးတိလောကဘိဝံသနှင့်
သီတဂူဆရာတော် အရှင်ဥာဏိဿရတို့ ၂ဝ၁၅ ခုနှစ်ခန့်က တွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံတစ်ခုတွင်ပါရှိသူ
လူလတ်ပိုင်းအမျိုးသားတစ်ဦးအား ဦးဇေယျာဖြိုးဆိုသူဟု လူမှုကွန်ယက်တွင် ပြောဆိုနေမှုများရှိရာ
ထိုအချက်မှာ မှန်ကန်ကြောင်း ၄င်းနှင့်ရင်းနှီးသိကျွမ်းသူများက အတည်ပြု ပြောဆိုသည်။
ဦးဇေယျာဖြိုး
ဖမ်းဆီးခံရမှုသတင်းကို ရန်ကုန်အခြေစိုက် Speaker ဂျာနယ်က ဖေဖော်ဝါရီ ၂ဝ ရက်နေ့တွင်
ကနဦး ရေးသားခဲ့ခြင်းဖြစ်သည်။
၎င်းဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး
သက်ဆိုင်ရာ အာဏာပိုင်များကို မေးမြန်းရာ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ
ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တိကျသည့်ဖြေကြားမှု မပြုလုပ်ဘဲ မကြာခင် သတင်းထုတ်ပြန်မှု
ပြုလုပ်မည်ဟုသာ ဆိုသည်။
ဇန်နဝါရီလ
၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခံရသော
ဦးကိုနီအမှုနှင့်ဆက်စပ်၍ ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်ဆိုသူတို့အား ဖမ်းဆီးထားကြောင်း၊
၎င်းတို့ နှစ်ဦးအား ငွေပေးခိုင်းစေသူ ဦးအောင်ဝင်းဇော်၏ညီ ဒုတိယဗိုလ်မှုးကြီးဟောင်း
ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
