မြင်းပြိုင်ပွဲ
မြင်ကွင်း (ဓာတ်ပုံများ - နန်းခမ်းဟေမာန်/Myanmar Now)
ရေးသားသူ - နန်းခမ်းဟေမာန်
ရှမ်းပြည်နယ်၊
ဟိုပုံးမြို့နယ်၏ ဒုတိယအကြိမ်မြောက် မြင်းစီးအားကစားပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ
သုံးရက်ကြာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ရန်ပုံငွေနှင့်
ကုန်ကျစရိတ် ကမကထပြုမှု အခက်ခဲများရှိသည့်ကြားမှ ပြုလုပ်သည့် ပြိုင်ပွဲကို အနယ်နယ်အရပ်ရပ်မှ
မြင်းစီးအားကစားဝါသနာရှင်များ လာရောက်ယှဉ်ပြိုင်ကြသည့်အတွက် ဝမ်းမြောက်ကြောင်း ပွဲကျင်းပသူ
ဟိုပုံးလေးကုမ္ပဏီဒါရိုက်တာ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
“ကျွန်တော့မှာက ရန်ပုံငွေလည်းမရှိသလို စပွန်ဆာလည်းမရှိဘူး၊
ဝါသနာအရမြင်းစီးပြိုင်ပွဲပြုလုပ်တာ’’ ဟု ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။
“အနယ်နယ်အရပ်ရပ်က မြင်းစီးဝါသနာရှင်တွေကို တောင်းပန်ချင်တယ်။ နေဖို့စားဖို့ ဘာမှမစီစဉ်ပေးရဘူး။ လာမယ့်နှစ်ကျရင် မြင်းစီးလာပြိုင်တဲ့သူတွေအတွက်၊
မြင်းနေဖို့နေရာတွေ၊ လူတည်းခိုဖို့အတွက်နဲ့ ထမင်းတွေကအစ စီစဉ်ဆောင်ရွက်ပေးဖို့ အစီစဉ်ရှိပါတယ်’’
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပြိုင်ပွဲသို့ မန္တလေး၊ ချမ်းမြသာစည်မြို့နယ်မှ လာရောက် အားဖြည့်သော ကိုငယ်လေးက မျိုးဆက်သစ်များကိုလည်း
မြင်းစီးပြိုင်ပွဲ ဝင်ရောက်လိုသည်ဟု ဆိုသည်။
“ကျွန်တော့်သားလေးကို ထူးချွန်တဲ့ မြင်းစီးသမားဖြစ်အောင်
မြေတောင်မြောက်ပေးတဲ့အနေနဲ့ လာရောက် ယှဉ်ပြိုင်ခြင်းဖြစ်တယ်’’
ဟု ကိုငယ်လေးက ပြောသည်။
“မန္တလေးကနေ ဒီကိုလာဖို့ ကားခတင် သုံးသိန်း ပေးရတယ်။ မြင်းက
နှစ်ကောင်၊ မြင်းထိန်းဖို့အတွက် လူတွေနဲ့ စုစုပေါင်း ၉ ယောက် လာတာ။ ဒီရောက်တော့ သူများတွေက
ထမင်းအိုးတွေ ပန်းကန်တွေကအစ ယူလာပြီး ချက်စားတာလည်း ရှိတယ်၊ ကျွန်တော်တို့က ခုမှလာဖူးတာဆိုတော့
မယူလာမိဘူး။ ဝယ်စားရတော့ အသွားအပြန်စရိတ်က ၆ သိန်း ကျော်လောက် ကျမယ် ထင်တယ်။ ဒီရောက်တော့လည်း အိပ်ဖို့က မိုးကာကို တဲထိုးပြီး
အိပ်ကြတာပေါ့။ ဝါသနာအရ လာတာဖြစ်လို့ ဘယ်လိုအိပ်အိပ် ရပါတယ်။ ထမင်းစားဖို့ရန် စီစဉ်ပေးရင်တော့
ကောင်းတာပေါ့ဗျာ’’
ဒေသခံ အများအပြား
လာရောက် ကြည့်ရှုအားပေးကြသည်ကို တွေ့ရသည်။
ပြိုင်ပွဲအမျိုးစား
၆ ခုမှာ အကြီးတန်း၊ အငယ်တန်း၊ ဒုန်း၊ အသားကျ၊ အသားကျမြန်မာခြေပြေး၊ မြင်းအက တို့ ဖြစ်သည်။
မြင်းစီးပြိုင်ပွဲနှင့်အတူ
ထောပတ်သီးအထူးပြု သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက်ကုန်စည်ပြပွဲကိုလည်း ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံမြင်းစီး
အားကစားအဖွဲ့ချုပ် နာယက ဖြစ်သူ ဦးပြုံးမောင်မောင်လည်း ပြိုင်ပွဲသို့ လာရောက်အားပေးသည်ကို
တွေ့ရသည်။
“နိုင်ငံမှာ မြင်းကောင်းမြင်းသန့် ပေါ်ထွန်းလာရေးနှင့် မြင်းစီးဝါသနာရှင်များ
မြင်းစီးအားကစားသူရဲကောင်းများ ပေါ်ထွန်းလာရေးတွက် ရည်ရွယ်ချက်အနေနဲ့ ပြိုင်ပွဲများ
ကျင်းပဖို့ ရည်ရွယ်ထားပါတယ်။ မြန်မာနိုင်ငံ
မြင်းစီး အားကစားအဖွဲ့ အနေနဲ့ ပြိုင်ပွဲမှာ ပထမရရှိတဲ့ ၆ ယောက်ကို ရန်ကုန်နဲ့ ကျိုက်ထီးရိုး
ခရီးစဉ်အနေနဲ့ ပူးတွဲချီးမြင့်ပြီး ဟိုပုံးလေးမှာ ဆက်လက်ပြီး ပြိုင်ပွဲများ ကျင်းပနိုင်အောင် ကူညီဖို့ ရှိတယ်’’ ဟု ဦးပြုံးမောင်မောင်က ပြောသည်။
ဟိုပုံးလေးမြင်းစီးကွင်းတွင် ပြုလုပ်သော ထိုမြင်းပြိုင်ပွဲတွင် မြင်းကောင်ရေ
၎ဝ ယှဉ်ပြိုင်ရာ ပထမဆု ရွှေတစ်ကျပ်သား၊ ဒုတိယဆု
ရွှေသုံးမတ်သား၊ တတိယဆု ရွှေငါးမူးသား ဆုချီးမြင့်ပေးခဲ့ကြောင်း သိရသည်။
ဤသတင်း ရေးသားသူ
နန်းခမ်းဟေမာန်သည် ပအိုဝ်းတိုင်းရင်းသားဘာသာဖြင့်
ထုတ်ဝေသော The People's Voice ဂျာနယ်မှ ဖြစ်ပြီး ရန်ကုန်မြို့ Myanmar Now ရုံးတွင်
အလုပ်သင်သတင်းထောက်အဖြစ် ခေတ္တ လုပ်ကိုင်ခဲ့သူဖြစ်သည်။
