NLD အမတ်များ သင်တန်းအတွက် ဦးတေဇ၏ အကူအညီယူ
အထက်မြန်မာပြည်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမတ်များ တက်ရောက်မည့် သင်တန်းအတွက် ကမကထပြုသူများထဲတွင် လုပ်ငန်းရှင် ဦးတေဇ တည်ထောင်ခဲ့သည့် AGD ဘဏ် ပါဝင်သည်ဟု သိရသည်။
သင်တန်းပြုလုပ်မည့် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်ကိုလည်း ဦးတေဇ ပိုင်ဆိုင်ကြောင်း၊ ပါတီ၏ မူဝါဒအရ ပြည်ပအဖွဲ့အစည်းတို့၏ အလှူငွေကို လက်မခံကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေး နှင့် အမျိုးသားရင်ကြားစေ့ရေးအတွက် မြန်မာနိုင်ငံသားအားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သင်တန်းတာဝန်ခံ ဦးမျိုးရန်နောင်သိမ်းက ပြောသည်။ (ကိုးကား - The Daily Eleven)
အမျိုးသမီးအမတ်များလည်း ပါတီကြောင့် ရွေးချယ်ခံရခြင်းဖြစ်
အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း အများစု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်၊ ရခိုင်၊ ရန်ကုန်၊ ချင်း စသည့် ဒေသများတွင် ကောက်ယူသည့် စစ်တမ်းအရ ပါတီကိုကြည့်ပြီး မဲပေးသူ မဲဆန္ဒရှင် ၉၈ ရာခိုင်နှုန်း ရှိပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းဖြစ်ခြင်းကြောင့် မဲပေးသူ ၂ ရာခိုင်နှုန်းသာ ရှိကြောင်း အေးချမ်းမြန်မာ အင်စတီကျုက တနင်္လာနေ့တွင် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
အမျိုးသမီးရေးရာနှင့် ပတ်သက်ပြီး မူဝါဒကောင်းများ ရေးဆွဲထားသည့် ပါတီများ အနိုင်မရဘဲ အမျိုးသမီးရေးရာမူဝါဒ အားနည်းသည့် ပါတီများ လွှတ်တော်ထဲ ရောက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးတို့၏ လွှတ်တော်တွင်း လှုပ်ရှားမှုနှင့် ပတ်သက်ပြီး များစွာ မျှော်လင့်နိုင်ဦးမည်မဟုတ်ကြောင်း ထိုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆလိုင်းအိုက်ဇက်ခင်က ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံရသူများထဲတွင် အမျိုးသမီး ၄ ရာခိုင်နှုန်း ပါဝင်သော်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင်မူ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်လာသည်။ (ကိုးကား - Democracy Today)
ကချင်၊ ရှမ်းမြောက် ဒုက္ခသည်များအတွက် ဂျာမဏီ ကူညီ
ကချင်၊ ရှမ်းမြောက်ဒေသတို့တွင် ပဋိပက္ခဒဏ်ခံနေရသူများအတွက် ဒေါ်လာ တစ်သန်းခွဲ (ယူရို ၁,၃၈ဝ,ဝဝဝ) ကို ကူညီရေးအဖွဲ့များမှတစ်ဆင့် လှူဒါန်းလိုက်ကြောင်း ရန်ကုန်မြို့ ဂျာမနီသံရုံးက ထုတ်ပြန်သည်။ (ကိုးကား - The Voice Daily)