ဒီဇင်ဘာ ၂၄ သတင်းများ



အာဖရိကသို့ အလုပ်သမား ၈ ဦး တရားမဝင်ပို့သည်ဟု စွပ်စွဲခံရသူကို ထိန်းသိမ်း

 အမျိုးသမီး ၈ ဦးကို အာဖရိကတိုက်၊ ဆွာဇီလန်နိုင်ငံ၊ အထည်ချုပ်စက်ရုံများတွင် လုပ်ကိုင်ရေးအတွက် တရားမ၀င်ပို့ဆောင်ရန် စီစဉ်သည်ဟု ယူဆရသူကို အင်္ဂါနေ့က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးလိုက်ပြီး အမှုဖွင့် စစ်ဆေးနေ ကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကျေးလက်ဒေသခံ ၈ ဦးကို ဆွာဇီလန်သို့ ပို့ဆောင်ရန် စီစဉ်သူဟု စွပ်စွဲခံရသော  ၆၅ နှစ်အရွယ်  အမျိုးသမီးမှာ အကျိုးဆောင်လိုင်စင်မရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့က သူ့ကို  ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့်   အမှုဖွင့်ထားသည်။ (ကိုးကား - The Voice Daily)

အစိုးရသစ်လက်ထက်တွင် MPC ကို ဖျက်သိမ်းမည်မဟုတ် 

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ကို  ဆက်လက်ထားရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြောကြောင်း  ထိုဌာနမှ အရာရှိတစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးထံမှ သိရသည်။
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော MPC နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ကလည်း သတင်းထုတ်ပြန်သည်။ (ကိုးကား - Democracy Today)

ပြည်ပထွက်မည့် ဘင်္ဂါလီ ၃ ဦးကို ရန်ကုန်လေဆိပ်တွင် တားဆီး

အင်္ဂါနေ့ညနေပိုင်းက  ရန်ကုန်လေဆိပ်တွင်  ပြည်ပထွက်မည့် ဘင်္ဂါလီအမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး တို့ကို  မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း မြန်မာစကား  ပြောတတ်ခြင်း မရှိသည့်အပြင်  နိုင်ငံသားဖြစ်ကြောင်းလည်း သက်သေမပြနိုင်သည့်အတွက် ထိန်းထိမ်းထားကြောင်း သတင်းရရှိသည်။
အမျိုးသားများမှာ နိုင်ငံကူးလက်မှတ်ကို  ဒီဇင်ဘာ ၄ ရက်နေ့က ရခဲ့ပြီး အမျိုးသမီးမှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ရခဲ့ခြင်း ဖြစ်ကြောင်း ကနဦးစစ်ဆေးချက်များတွင် ဖော်ပြထားသည်။ (ကိုးကား - Daily Eleven)