ဝန်ကြီးဌာနလျှော့ချစဉ် ဝန်ထမ်းများကို ဖြုတ်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့စည်းသည့်အခါ ဝန်ကြီးဌာနတချို့ကို ပူးပေါင်းလိုက်မည် ဖြစ်သော်လည်း ဝန်ထမ်းများကို ဖြုတ်မည်မဟုတ်ဟု နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ဝန်ထမ်းများ မည်သည့်အဖွဲ့အစည်း နောက်ခံ ရှိခဲ့သည့်ဖြစ်စေ ခွဲခြား ဆက်ဆံမည်မဟုတ်ဘဲ အတိက်ကကိစ္စရပ်များကို အတိတ်တွင်သာ ထားမည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)

ရန်ကုန်မြို့ပြင်ရှိ ကျူးကျော်အိမ်ခြေတစ်ထောင်ကျော်ကို ဖျက်ဆီးဖယ်ရှား
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနပိုင်မြေပေါ်တွင် တည်ဆောက်ထားသော ကျူးကျော်အိမ်ခြေ တစ်ထောင်ကျော်ကို ဒီဇင်ဘာ ၁၇ နံနက်မိုးမလင်းခင် မြေကော်စက်များဖြင့် ဖျက်ဆီးဖယ်ရှားလိုက်သည်။
ပေ ၄ဝ x ၆ဝ မြေတစ်ကွက်ကို ကျပ်တစ်သောင်းမှ ကျပ်သိန်းငါးဆယ်ထိ ဈေးနှုန်း သတ်မှတ်ပြီး ကရင်ပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းများ အမည်ခံပုဂ္ဂိုလ်တချို့က ရောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေရာတွင် နှစ်ပေါင်း၂ဝ ကျော် နေထိုင်ခဲ့သည့် မိသားစု ၂ဝ ခန့်၏ နေအိမ်များလည်း ဖယ်ရှားရာတွင် ပါဝင်သွားသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)

NCA လက်မှတ်ထိုးအဖွဲ့များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ခုမှခေါင်းဆောင်များ ဒီဇင်ဘာလ ၁၇ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြသည်။
တစ်နာရီကျော်ကြာသည့် နေပြည်တော် တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ရေးအတွက် တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပြောကြားခဲ့ပြီး၊ NCA တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လက်မှတ်မရေးထိုးရသည့် အကြောင်းရင်းကို ရှင်းပြခဲ့ကြောင်း သိရသည်။ (ကိုးကား - Democracy Today)