အမျိုးသမီးတို့ကို ခေါင်းဆောင်တင်သောပါတီ ၃ ခုသာရှိ
ပါတီ ၉၁ ခုတွင် ဆုံးဖြတ်ချက်ချနိုင်သော ထိပ်ပိုင်းနေရာများအတွက် အမျိုးသမီးတို့ ပါဝင်ခွင့် ရရှိထားသည့် ပါတီ ၃ ခုသာ ရှိသည်ဟု ဖန်တီးအိမ် အရပ်ဘက် အဖွဲ့အစည်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။
ထိပ်ပိုင်းရာထူးများတွင် အမျိုးသမီးတို့ကို အချိုးကျစနစ်ဖြင့် ပါဝင်ခွင့် ပြုသင့်ကြောင်း၊ နေရာပေးဖို့အတွက် မကြိုးစားကြဘဲ ယဉ်ကျေးမှုဓလေ့ထုံးစံအရဟုသာ ဆင်ခြေပေးနေကြကြောင်း ထိုအဖွဲ့၏ စီမံကိန်းဒါရိုက်တာ ဒေါ်ခင်လေးငယ်က ပြောသည်။ (ကိုးကား - The Voice Daily)

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဆက်ဖြစ်
တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၃ ရက် ရှိပြီဟု ဒေသခံတို့က အင်္ဂါနေ့တွင် ပြောသည်။
မတ်၊ ဧပြီလတို့တွင် တိုက်ပွဲဖြစ်ပွားစဉ်က ရခိုင်လက်နက်ကိုင်အဖွဲ့နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရသော ဒေသခံ အများအပြား ဖမ်းဆီးခံခဲ့ရပြီး ယခုတိုင် တရားရင်ဆိုင်နေရကြောင်း၊ လတ်တလော တိုက်ပွဲများကြောင့် ထိုသို့သော ဖမ်းဆီးမှုများ ဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်နေကြကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)

အစိုးရသစ်လက်ထက် ပြည်ခိုင်ဖြိုးညီလာခံတွင် ဥက္ကဋ္ဌသစ်ရွေးမည်
အစိုးရသက်တမ်းကုန်ဆုံးပြီးချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အမာခံများဖြင့် ပြန်လည် ဖွဲ့စည်းရေး ညီလာခံ ကျင်းပရန် စီစဉ်ထားပြီး ပါတီ ဥက္ကဋ္ဌသစ်ကိုလည်း ညီလာခံမှ ရွေးချယ်မည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေက ပြောသည်။
ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့ ဥက္ကဋ္ဌတာဝန် ပြန်လည် ထမ်းဆောင်လိုခြင်း ရှိမရှိ မသိရသေးကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)