ဧပြီ ၂၉ ရက်နေ့ သတင်းများ
မိုးသီးကျဦးမည်
ဧပြီ ၂၉  မှ မေ ၅ အတွင်း နိုင်ငံအနှံ့    လေပြင်းတိုက်၊  မိုးသီးကြွေ၊  မိုးကြိုးပစ်ခြင်းတို့နှင့် ကြုံတွေ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဦးစီးဌာနထံမှ သိရသည်။
ဌာနဒုညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက အနောက်လေပွေလှိုင်း ပုံမှန်ထက် အားကောင်းသည့်အတွက် နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ် ပေါ်ခဲ့ကြောင်း၊ မိုးသီးများ ပုံမှန်ထက် ပိုမိုကြီးမားနေခြင်းမှာ ရာသီဥတုဖြစ်စဉ်  တစ်နှစ်ထက်တစ်နှစ် အစွန်းရောက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောသည်။   (ကိုးကား  - Democracy Today)
ချောင်းသာ သစ်တောကြိုးဝိုင်းတွင် တောဆင်ရိုင်း အသတ်ခံရ
ပုသိမ်မြို့နယ် ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်းရှိ အောင်ပင်လယ်ကုန်းအနီး ကရင်မချောင်းအတွင်း တောဆင်ရိုင်းအထီးတစ်ကောင်၏ ရုပ်အလောင်း  တွေ့ရကြောင်း ချောင်းသာနယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
အစွယ်၊ နှာမောင်းတို့ ပါဝင်သော ဆင်ခေါင်း မတွေ့ရကြောင်း၊  ကြာသပတေးနေ့တွင် သစ်တော တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေဖြင့်   အမှုဖွင့်ထားသည်ဟု ဆိုသည်။ (ကိုးကား The Voice Daily)
မိတ္ထီလာတွင် ဆူပူမှုဖြစ်ရန် အွန်လိုင်းတွင် လှုံ့ဆော်မှုကို ရဲတပ်ဖွဲ့ စုံစမ်းနေ
မိတ္ထီလာမြို့တွင် ပဋိပက္ခဖြစ်ရန်  လှုံ့ဆော်ရေးသားနေသော လူမှုကွန်ရက်စာမျက်နှာများ၊   မမှန်မကန်သတင်း တင်နေသူများနှင့် ပတ်သက်ပြီး စုံစမ်းလျက်ရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးမောင်ရွှေက ကြာသပတေးနေ့တွင် ပြောသည်။ (ကိုးကား - The Daily Eleven)
ဧပြီ ၂၈ ရက်နေ့ သတင်းများ
ကချင်နှင့်စစ်ကိုင်းတွင် သတ္ထုမိုင်းဧရိယာ အများဆုံးတည်ရှိ
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အသစ်ဖော်ဆောင်သည့် မိုင်းတွင်းဧရိယာသည် တစ်နိုင်ငံလုံး၏ ၈၁ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဗုဒ္ဓဟူးနေ့က ပြောသည်။
စိမ်းလန်းအမိမြေက ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သတ္ထုတူးဖော်ရေး ဧရိယာအပြောင်းအလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာ သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် ပက်သက်၍ စစ်တမ်းကောက်ယူခဲ့သည်။
တချို့မိုင်းတွင်းများသည် တရားမ၀င် လုပ်ကိုင်နေကြောင်း  အသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။ (ကိုးကား - The Daily Eleven)
၁၂ နှစ်အတွင်း သစ်တော ဟတ်တာ ၁ သန်းကျော် ပြုန်းတီး
မြန်မာ့သစ်တောပြုန်းတီးမှုသည် ၁၂ နှစ်အတွင်း ဟတ်တာ ၁ သန်းခွဲကျော် ( ဧက ၃ ဒသမ ၇ သန်းကျော်) ရှိကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက  ဗုဒ္ဓဟူးနေ့တွင် ပြောသည်။  
၂၀၀၂ တွင် ပကတိကောင်းမွန်သော သစ်တောများရှိမှုသည် ၁၁ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၄ တွင်  မြေအသုံးချမှုပုံစံ ပြောင်းလဲခြင်းကြောင့် အတန်းအစားကျဆင်းကာ ရွက်အုပ်ပွင့်တောအဖြစ် ပြောင်းသွားသည်ကို သုတေသနပြု တွေ့ရှိရကြောင်း စိမ်းလန်းအမိမြေ နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့ ၂ ခုက  ဆိုသည်။
ထို ၃ ဖွဲ့သည်  မြန်မာ့သစ်တောဖုံးလွှမ်းမှုအခြေအနေကို ကောင်းကင်ဓာတ်ပုံလေ့လာခြင်း၊ နယ်မြေကွင်းဆင်းလေ့လာခြင်းတို့ဖြင့် တစ်နှစ်ကြာ သုတေသန ပြုခဲ့သည်။ (ကိုးကား - 7Day Daily)
ရခိုင်ဒေသသို့ လက်နက်၊ မူးယစ်ဆေးမဝင်နိုင်ရန် လုံခြုံရေးတင်းကြပ်
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ လက်နက်၊ မူးယစ်ဆေး  ဝင်မလာနိုင်စေရန်     မြို့အဝင်ဂိတ်များ၊ ရေယာဉ်ဆိပ်များတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။  ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့တွင် ဧပြီ ၁၆ မှ ၂၂ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ (ကိုးကား - Democracy Today)
ဧပြီ ၂၇ သတင်းများ
ကျောက်မဲတွင် နိုင်ငံခြားသား ၂ ဦးနှင့် စကားပြန်တို့ မိုင်းထိ
ကျောက်မဲမြို့နယ်  တော့ဖယ်ကျေးရွာအနီး တော့ဖယ်-ပန်ခါးရွာသွားလမ်းတွင် ဂျာမန်ခရီးသည်နှစ်ဦး၊ စကားပြန်တစ်ဦးတို့ အင်္ဂါနေ့က   မိုင်းနင်းမိပြီး ဒဏ်ရာအနည်းငယ် ရသွားကြကြောင်း  သိရသည်။
Mr. Zimmermann Felia, Ms. Rosler Wiebke, စကားပြန် စိုင်းခွန်ဦးတို့ကို   မန္တလေးပြည်သူ့ဆေးရုံကြီးသို့   ပို့ဆောင်ထားကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)
ငှက်တုပ်ကွေးကြောင့် ကြက် ၄ သိန်းနီးပါး မုံရွာတွင် ရှင်းလင်း
မုံရွာမြို့ ကြက်မွေးမြူရေးအထူးဇုန်တွင် H9N2 ကြက်ငှက်တုပ်ကွေးရောဂါကြောင့် သုတ်သင် ရှင်းလင်းလိုက်သည့် ကြက်ကောင်ရေမှာ ဧပြီ၂၅ရက် အထိ  ၃၇,ဝဝဝ ကျော်  ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သတင်းရရှိသည်။
မုံရွာသည်၂ဝဝ၆၊၂ဝ၁၂၊၂ဝ၁၅ တို့တွင်လည်း ကြက်ငှက်တုပ်ကွေးနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊  ကြက်ခြံလုပ်ငန်း ပြန်လည်ထူထောင်ရန် ခက်ခဲလျက်ရှိကြောင်း ကြက်ခြံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ (ကိုးကား 7Day Daily)
ဒေါ်အောင်ဆန်းစုကြည် အပစ်ရပ်စောင့်ကြည့်ကော်မတီနှင့် တွေ့မည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီနှင့် ဧပြီ ၂၇ တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကပြောသည်။
ကော်မတီကို ၂ဝ၁၅ခုနှစ်နိုဝင်ဘာလ ၁၈ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အစိုးရကိုယ်စားလှယ် ၁ဝဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့မှ ကိုယ်စားလှယ် ၁ဝ ဦး၊ နှစ်ဖက်အဆိုပြုသည့် အရပ်သားကိုယ်စားလှယ် ၆ ဦး စုစုပေါင်း ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ (ကိုးကား - မြန်မာ့အလင်း)
ဧပြီ ၂၆ ရက်နေ့ သတင်းများ
မန္တလေးနန်းတွင်း စစ်တပ်ရှိနေခြင်းကို နိုင်ငံပိုင်သတင်းစာတွင် ဝေဖန်ရေးသား
မန္တလေးနန်းမြို့အတွင်း တပ်မတော်က အခြေချ တပ်စွဲထားခြင်းမှာ မသင့်လျော်ကြောင်း အင်္ဂါနေ့ထုတ်  နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာ ဆောင်းပါးတစ်ပုဒ်တွင် စာရေးဆရာ ဆူးငှက်က ဝေဖန် ရေးသားလိုက်သည်။ ပြည်သူကို အကာအကွယ်ပေးရမည့်အစား လက်နက်ကိုင်စစ်တပ်က ကျုံးလေးတန် ကာဆီးပြီး အုတ်မြို့ရိုးအခိုင်အမာဖြင့် နန်းတွင်းတွင် လုံခြုံစွာ နေထိုင်လျက်ရှိကြောင်း၊ နန်းမြို့ တံခါးမကြီး လေးပေါက်မှာလည်း အစစ်အဆေးထူပြောပြီး နေ့ဘက်တွင်သာ ဝင်ထွက်ခွင့်ရှိကြောင်း သူက ဆက်လက် ရေးသားထားသည်။ နောက်ဆုံးမင်းနေပြည်တော်ကို အမျိုးသားပြတိုက်နှင့် အပန်းဖြေဥယျာဉ်ကြီးအဖြစ် ပြောင်းလဲကာ ပြည်တွင်းပြည်ပဧည့်သည်များ လွတ်လပ်စွာ ၀င်ထွက်လေ့လာနိုင်ရန် ခွင့်ပြုသင့်သည်ဟု သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - မြန်မာ့အလင်း)
ကျွန်းထုတ်လုပ်မှုရပ်ရန် စီစဉ်မည်ဟု သစ်တောဌာနပြော
ကျွန်းပင် အရေအတွက် လျော့နည်းလာသဖြင့် ယခုနှစ်အတွင်း ကျွန်းထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းရန် စီစဉ်မည်ဟု သစ်တောဦးစီးဌာန ညွှန်ချုပ် ဒေါက်တာညီညီကျော်က ပြောသည်။ အချိန်မီပြန်လည် ပြုစု ထိန်းသိမ်းသည့် လုပ်ငန်းများကို ပထမဦးစားပေးအဆင့်အဖြစ် ပဲခူးရိုးမဒေသတွင် ဆောင်ရွက်မည်ဟု သူက ဆိုသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်အိမ်ခြံမြေဈေးကွက် အကြီးအကျယ် ပြောင်းလဲ
မတ်လမှစ၍ ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်အေးနေခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းတချို့ လုပ်ငန်းရပ်ဆိုင်းထားကြောင်း အကျိုးဆောင်များထံမှ သိရသည်။ သိန်း ၁,ဝဝဝ တန် အိမ် ၆ဝဝ အထိ ဈေးကျသော်လည်း ဝယ်ယူသူ မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သည့် ကိုမင်းထွန်းက ပြောသည်။  (ကိုးကား - The Voice Daily)
ဧပြီ ၂၅ သတင်းများ
ရန်ကုန်လေဆိပ်ဝန်ထမ်းဆန္ဒပြမှုကြောင့် ခရီးစဉ်တချို့နှောင့်နှေး
ရန်ကုန်လေဆိပ် ကုမ္ပဏီဝန်ထမ်းတချို့ အလုပ်မဆင်းဘဲဆန္ဒပြသဖြင့် စနေနေ့က လေယာဉ်အချို့ ထွက်ချိန် နောက်ကျသွားသည်။ လေယာဉ်ဆီဌာန ဝန်ထမ်းများကို NEPAS ကုမ္ပဏီသို့ လွှဲပြောင်းရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် မညီညွတ်ခြင်း၊ လုပ်ခ လစာ ညှိနှိုင်းမှု မပြေလည်ခြင်းတို့ကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။ ဆန္ဒပြမည့်အစီအစဉ်ကို ကြိုသိသဖြင့် လေယာဉ်ဆီဖြည့်ရန် မြန်မာ့ရေနံဝန်ထမ်းများကို အသုံးပြုခဲ့ကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)
သံဃာလျော့နည်းလာသည့်အကြောင်းရင်းများတွင် လက်ကိုင်ဖုန်း ပါဝင်
သံဃာအရေအတွက် လျော့နည်းလာရသည့်အကြောင်းရင်းများတွင်  စာသင်သားတို့ ခေတ်ဟောင်းပညာရေး သို့မဟုတ် ခက်ခဲပင်ပန်းသည့် အလွတ်ကျက် အာဂုံဆောင်ရသည့် စနစ်၊ ကိုရင်ငယ်များ သာသနာ့ဘောင်တွင် ခေတ္တခဏသာ နေထိုင်လာခြင်း၊  လက်ကိုင်ဖုန်းနှင့် အင်တာနက်လူမှုကွန်ရက် အသုံးပြုလာပြီး သာသနာ့ဘောင်တွင် မပျော်ပိုက်ခြင်း စသည်တို့ ပါဝင်သည်ဟု သိရသည်။
စာသင်သားတို့ ပျော်မွေ့စေရန် စာသင်တိုက်များတွင် စည်းကမ်းတင်းကျပ်မှုများ ဖြေလျော့ပေးနေရသည်ဟု သိရသည်။
မြန်မာပြည်တွင် သံဃာ အင်အား ငါးသိန်းဝန်းကျင်ရှိရာမှ သုံးသိန်းခွဲအထိ လျော့နည်းလာကြောင်း၂ဝ၁၄ သန်းခေါင်စာရင်းအရ သိရသည်။ သံဃာ နှစ်သိန်းကျော်ရှိခဲ့သည့်ထိုင်းတွင်လည်း  သံဃာအရေအတွက် လျော့နည်းလာကြောင်း သိရသည်။ (ကိုးကား - The Voice Weekly)
စင်္ကာပူတွင် မြန်မာတစ်သိန်းခန့် နေထိုင်
အလုပ်အကိုင်၊ ပညာရေးအတွက်  စင်ကာပူတွင် နေထိုင်သူ မြန်မာ တစ်သိန်းခန့် ရှိကြောင်း စင်ကာပူသံအမတ်ကြီးက ပြောသည်။ ရန်ကုန်ရောက် စင်ကာပူနိုင်ငံသား အရေအတွက်မှာ ခုနစ်ရာခန့် ရှိနေသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)
"လွှတ်တော်မှာ မျှော်လင့်ချက်တွေရှိလာတယ်"
သင်းလဲ့ဝင်း၊ ထက်ခေါင်လင်းြ
ပည်သူ့လွှတ်တော်တွင် NLD အင်အားကောင်းလာသဖြင့် စိတ်ဝင်စားစရာ အခင်းအကျင်း ဖြစ်လာသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမတ် ဦးစိုင်းသီဟကျော်က ပြောသည်
နေပြည်တော် (Myanmar Now) – ပြန်လည်စတင်သည့် လွှတ်တော်တွင် မျှော်လင့်ချက်များ ရှိလာသည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ထပ်မံရွေးကောက်ခံထားရသူ ဦးစိုင်းသီဟကျော်က ပြောသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ၏ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များ ခန့်အပ်သည့် မူဝါဒတို့နှင့် ပတ်သက်၍မူ မေးခွန်းထုတ်လိုသည်ဟု သူက ဆိုသည်။
မကြာသေးမီက နေပြည်တော်တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ၄၁ နှစ်အရွယ် ဦးစိုင်းသီဟကျော်က တိုင်းရင်းသားအရေး၊ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးအစီအစဉ်တို့အကြောင်း ပြောပြထားသည်။
မေး - ပြည်သူ့လွှတ်တော်မှာ ဘာတွေ အပြောင်းအလဲရှိတယ်လို့ သုံးသပ်ချင်ပါသလဲ။
ဖြေ - ပထမအကြိမ်လွှတ်တော်မှာ ကျွန်တော်တို့အတွက် ပေါ့ပေါ့ပါးပါးလေး သွားနေရတဲ့အနေအထား။ အခြေအနေအရသာ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်လာတယ်၊ သိပ်ကြီးကြီးမားမား မျှော်လင့်ထားတာမရှိဘူး။ ဒါပေမယ့် ဒီဒုတိယအကြိမ် လွှတ်တော်မှာ မျှော်လင့်ချက်တွေ ရှိလာတယ်။ နည်းနည်းလေး စိတ်ဝင်စားစရာကောင်းတဲ့၊ စိတ်လှုပ်ရှားစရာ ကောင်းတဲ့အခင်းအကျင်းမျိုး ပေါ်ပေါက်လာတာပေါ့။ ကွာခြားချက်က ဒါပါပဲ။
မေး - မျှော်လင့်ချက်ဆိုတာ ဘာကိုပြောတာလဲ။
ဖြေ - တိုင်းရင်းသားတွေရဲ့အဓိက မျှော်လင့်ချက်ဖြစ်တဲ့ တန်းတူညီမျှမှု အခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်အရေး ကိစ္စတွေပါ။ ဒါတွေကိုဦးတည်ပြီးသွားဖို့ဆိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မှရမယ်။ ပြင်မယ်ဆိုရင် လွှတ်တော်ထဲမှာ ပြင်လို့ရတာနဲ့ လွှတ်တော်ပြင်ပကတဆင့် ထိရောက်အောင်၊ နိုင်ငံရေးတွေ့ဆုံညှိနှိုင်းမှု၊ နောက် … ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စတွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်ရင်း ရလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ အကျိုးအမြတ်ကနေမှတစ်ဆင့် ဖွဲ့စည်းပုံကိုပြင် ဆိုတာမျိုးတွေ ရှိတာပေါ့။ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော်တို့တွေ လွှတ်တော်ထဲဝင်လာတော့ ဒီအပေါ်မှာ သိပ်မျှော်လင့်မထားနိုင်ဘူးပေါ့။ လွှတ်တော်ထဲမှာဝင်ပြင်ရအောင်လည်း ကျွန်တော်တို့က ပြင်နိုင်လောက်တဲ့ အင်အားမရှိဘူး။ အခုတော့ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကလည်း အတော်အတန်ရောက်လာပြီ။ တစ်နိုင်ငံလုံး အနိုင်ရရှိတဲ့ NLD ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုပြီး ကြွေးကြော်ပြီး လွှတ်တော်ထဲရောက်လာတဲ့အဖွဲ့အစည်း။ အဲဒါကြောင့်မို့လို့ ဒီတစ်ခေါက်မှာ မျှော်လင့်ချက်ရှိတယ်ဆိုတဲ့ခံစားချက်နဲ့ လွှတ်တော်ကို တက်လာတာပါ။
မေး - လွှတ်တော်မှာအရင်က USDP (ပြည်ခိုင်ဖြိုးပါတီ) အားကြီးတယ်၊ အခု NLD အားကြီးတယ်။ ဒါနဲ့ ပတ်သက်ပြီး စိုးရိမ်မိတာ ရှိသလား။
ဖြေ - အထိုက်အလျောက်တော့ စိုးရိမ်တယ်လို့ပြောရမှာပဲ။ အရင်တုန်းက USDP အင်အားကြီးတဲ့ အနေအထားမှာ သူဘယ်လောက်ထိ ပြောင်းလဲချင်တဲ့စိတ်ဆန္ဒရှိမလဲ၊ လုပ်ရောလုပ်ပါ့မလား၊ ဘယ်လိုပဲဖြစ်ဖြစ် သွားကြည့်မယ် ဆိုတဲ့ပုံစံမျိုးနဲ့သွားတာ။ ဒီတစ်ခေါက်တော့ NLD က နည်းနည်းလေးစလှမ်းတဲ့ အစပိုင်းလေးမှာ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်တွေမှာ နည်းနည်းအငြင်းပွားစရာ၊ ငြင်းခုံစရာ ကြားလာရတယ်။ သူလုပ်ချင်ကိုင်ချင်တဲ့ပုံစံကို ပုံဖော်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဝန်ကြီးချုပ်(တာဝန်)တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် (အခြေစိုက် ပါတီတွေ)က ပုဂ္ဂိုလ်တွေကို ပေးသင့်တယ်ဆိုတဲ့ အမြင်တွေ ထွက်လာတဲ့အခါမှာ သူ့ပါတီထဲက လူတွေကိုပဲပေးပါ့မယ်ဆိုတဲ့ ပုံစံတွေဖြစ်လာတယ်။ ဖွဲ့စည်းပုံကို လက်မခံဘူး ဆိုတဲ့ ပါတီက ဖွဲ့စည်းပုံနဲ့ပဲကိုင်ပြီးသွားမယ့် အခြေအနေမျိုးဖြစ်လာတော့ နည်းနည်း စိုးရိမ်လာပြီ။
မေး - အမျိုးသားရင်ကြားစေ့ရေးလို့ NLD က ပြောတဲ့အတိုင်း လွှတ်တော်မှာရော၊ အုပ်ချုပ်ရေးပိုင်းမှာရော ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စသည်ဖြင့်ကို တာဝန်ပေးတယ်။ လစ်လပ်နေတဲ့ထဲမှာ ရှမ်းလူမျိုးစု ပါဝင်နေပါတယ်။
ဖြေ - ကျွန်တော်တို့နဲ့မဟာမိတ်သဘောမျိုးရှိနေတဲ့ NLD က အပြတ်အသတ်အနိုင်ရတဲ့အချိန်မှာ ကျွန်တော်တို့ကို နေရာပေးသင့်တယ်လို့ အများစုက မြင်သွားတယ်။ NLD အနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပါဝင်ဖို့၊ ပြည်နယ်မှာလည်းပါဝင်ဖို့ တကယ် ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့ပါတီ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေတစ်ခုလည်း ရှိနေသေးတာမို့ ငြင်းပယ်လိုက်ရတယ်ဆိုတာလည်း ကြားကြမှာပါ။ သို့သော်လည်း ရုံးချုပ်ကလည်း လွှတ်တော် အသီးသီးမှာ ရှိနေတဲ့ NLD အမတ်တွေနဲ့ ကျွန်တော်တို့ SNLD အမတ်တွေ ပူးပေါင်းဆောင်ရွက်ကြပါလို့ မှာကြားထားပါတယ်။ NLD အပေါ်မှာ ဘာမှ သဘောထားမရှိပါဘူး။ အားလုံးကိုနားလည်နိုင်တဲ့အနေထားပါ။
မေး - ရှမ်းပြည် ရွေးကောက်ပွဲနိုင်သူတွေထဲမှာ ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ခဲ့သူ၊ ပြည်သူ့စစ်တွေနဲ့ ဆက်နွယ်နေတဲ့သူတွေ ပါလာပါတယ်။ ဒါက ဒေသတိုးတက်ရေးအတွက် အခက်အခဲ ဖြစ်နေမလား။
ဖြေ - ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ အရင်တုန်းကလည်း စစ်အစိုးရအုပ်ချုပ်ခဲ့တယ်။ ပြီးတော့ USDP ဆက်ပြီး အုပ်ချုပ်ခဲ့တာပဲ။ ထူးထူးခြားခြားပြောင်းလဲသွားတာ မတွေ့ရဘူး။ နဂိုကတည်းကလည်း တိုက်ပွဲတွေ ဖြစ်နေတယ်၊ ဆက်လည်းဖြစ်နေတာပဲ၊ ပိုတောင်တိုးလာသလားလို့တောင် ထင်ရတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ သိပ်မခံစားရဘူး။
မေး - ဒီတိုက်ပွဲတွေကြောင့် မကြာခင်ကပဲ စစ်ပြေးဒုက္ခသည် အများအပြား ထပ်ပြီး ထွက်ပေါ်လာတယ်။ တကယ်ငြိမ်းချမ်းအောင် ဘာတွေလုပ်ဖို့လိုမလဲ။
ဖြေ - ဘာဖြစ်လို့ နှစ်ပေါင်းများစွာ တောထဲမှာနေပြီးတော့ လက်နက်ကိုင်တော်လှန်ခဲ့ကြသလဲ ဆိုတာကို ပြန်ကြည့်ဖို့လိုမယ်။ လက်နက်ကိုင်အဖွဲ့တွေ တောင်းဆိုနေတာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပဲ။ ဒါကို ဘာလို့ပြန်တောင်းနေကြသလဲဆိုရင် အခုလက်ရှိအနေအထားနဲ့ ချိန်ထိုးစဉ်းစားလိုက်ရင် ပိုပြီးထင်ရှားမယ်။ ရှမ်းပြည်နယ်ကိုဥပမာပေးပြီးပြောရရင် ကျွန်တော်တို့ကို အားလုံးကမဲပေးလို့ အပြတ်အသတ်အနိုင်ရတယ် ဆိုပါစို့၊ ကျွန်တော်တို့ ဝန်ကြီးချုပ်ခန့်နိုင်ပါ့မလား။ ခန့်မယ်၊ မခန့်ဘူးဆိုတာ သမ္မတလက်ထဲမှာရှိတယ်ဆိုတော့ အခြေခံဥပဒေက ပြောင်းရမယ်။ တကယ့် ဖက်ဒရယ်စနစ် သွားဖို့ဆိုတာက ဗဟိုအစိုးရ တာဝန်၊ ပြည်နယ်အစိုးရတာဝန် ကွဲကွဲပြားပြား သတ်မှတ်ပြဋ္ဌာန်းထားနိုင်မှဖြစ်ပါမယ်။ ကျွန်တော်တို့ဟာ (ရှမ်းပြည်နယ်မှာ) ရွေးကောက်ပွဲ landslide (အပြတ်အသတ်) အနိုင်ရရင်တောင်မှ ကျွန်တော်တို့ (ပြည်နယ်) အစိုးရမဖွဲ့နိုင်ပါဘူး။ အဓိကပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားပြီ၊ ဘာဖြစ်လို့ အဲဒီကိုပဲ ဦးတည်သလဲဆိုတာ သိလောက်ပါပြီ။
မေး - တရားဥပဒေစိုးမိုးရေးကို အလေးထားတယ်ဆိုတဲ့ NLD က အစိုးရဖွဲ့ပြီးနောက်ပိုင်းမှာ တပ်မတော်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ဘယ်လို ကိုင်တွယ်မလဲ။
ဖြေ - တရားဥပဒေစိုးမိုးရေးဆိုတာ ပြောရတာတော့… လွယ်တယ်၊ အကောင်အထည်ဖော်တဲ့အခါမှာ အခက်အခဲဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ ကြီးစိုးတဲ့ နေရာတွေမှာ တရားဥပဒေက မကြီးစိုးနိုင်ပါဘူး။ ပြည်သူ့စစ်တပ်ဖွဲ့တွေထက် နိုင်ငံရေးယုံကြည်ချက်နဲ့လုပ်ကိုင်နေတဲ့ လက်နက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးဖို့လိုမယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဆိုတာက အခုဆိုရင် တပ်မတော်ရဲ့ကွပ်ကဲမှုအောက်ကိုရောက်နေပါပြီ။ အဲ… သူတို့က ပြည်သူအပေါ် အနိုင်ကျင့်တယ်ဆိုရင်တော့ တပ်က တာဝန်မကင်းဘူးလို့ပဲ ပြောရမှာပဲ။
မေး - ငြိမ်းချမ်းရေးလမ်းကိုရော NLD အစိုးရ ဘယ်လိုဆက်ပြီးလျှောက်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ - သမ္မတထက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖြေရှင်းမှဖြစ်မယ့်ကိစ္စလို့ ထင်တယ်။ အဖွဲ့အချင်းချင်းတွေ့တဲ့အခါမှာ တကယ့် ဆုံးဖြတ်ချက်ချနိုင်မယ့်ပုဂ္ဂိုလ်တွေ ပါဝင်ဖို့ လိုပါတယ်။ အခု NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) အဆင့်အထိ ရောက်ခဲ့ပြီးပြီ။ ဒီ NCA ကို အစိုးရအသစ်က လက်ခံနိုင်မလား၊ ပြင်ရင်ရော လက်နက်ကိုင် အဖွဲ့တွေက လက်ခံနိုင်မလား။
မေး - ရှမ်းပြည်တိုးတက်ဖွံ့ဖြိုးဖို့ လာမယ့် ၅နှစ်အတွင်းမှာ ဘာတွေလုပ်ဖို့လိုမလဲ။
ဖြေ - ပညာရေးစနစ် နိမ့်ကျခဲ့တယ်၊ မူးယစ်ဆေးဝါး ပြဿနာတွေ ကြီးထွားခဲ့တယ်၊ ပြည်နယ်ထဲက လူတော်တော်များများက တဖက်နိုင်ငံ (ထိုင်းတို့၊ တရုတ်တို့ကို) ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထွက်သွားတာ သန်းချီရှိနေတယ် ဆိုတော့ လူဦးရေလည်း တော်တော်လျော့နေပြီ။
စီးပွားရေးအခွင့်အလမ်းတွေ၊ ဆက်သွယ်ရေးတွေ ကောင်းအောင်လုပ်ပေးလာနိုင်မယ်ဆိုရင်တော့ အထိုက်အလျောက်တော့ ဖွံ့ဖြိုးလာလိမ့်မယ်။ ဒီဟာတွေကို မြှင့်တင်နိုင်ပြီဆိုရင် ပညာရေး၊ ကျန်းမာရေးက ပါလာပါလိမ့်မယ်။ သူတို့ရှာဖွေစားသောက်ဖို့ပဲ ရုန်းကန်နေရမယ်ဆိုရင် ကျောင်းမလာဘူး၊ လုံးချာလည်လိုက်နေမှာ။ ဒါပေမယ့် ဒါဟာ ရေတိုဖြေရှင်းနည်း၊ ၅နှစ်တာ လုပ်နိုင်တဲ့နည်းလမ်း။ ရေရှည်အတွက်၊ အဘက်ဘက်က ကောင်းအောင် စွမ်းဆောင်နိုင်ဖို့က အဓိကပြဿနာကို ကိုင်တွယ်နိုင်မှ။ အဲဒီ အဓိက ပြဿနာက ငြိမ်းချမ်းရေးပါပဲ။
မေး - ကချင်ပြည်နယ်ပြီးရင် ရှမ်းပြည်နယ်က ရေကာတာ၊ ဆည် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ပြဿနာဖြစ်လာနိုင်မယ့် ဒေသလို့ ပြောနေကြပြီ။ အစိုးရသစ်က ဒီကိစ္စတွေကို ဘယ်လိုကိုင်တွယ်သင့်သလဲ။
ဖြေ - စိတ် စေတနာကောင်းဖို့၊ စေတနာမှန်ဖို့ လိုပါတယ်။ ရေကာတာလုပ်တာမှန်ပေမယ့် လုပ်နည်းလုပ်ဟန် လွဲနေတယ်။ ပြည်သူတွေအားလုံးက မကျေနပ်၊ လက်မခံချင်ဘူး။ ရေကာတာကျိုးပေါက်လို့ ဒုက္ခရောက်မယ်ဆိုရင် ပြည်သူတွေပဲ ထိခိုက်မှာ။ စေတနာအမှန်နဲ့ လုပ်ပေးချင်တယ်ဆိုရင် သဘာဝပတ်ဝန်းကျင်၊ မြစ်ကြောင်းတွေ အားလုံးကို မထိခိုက်အောင် လုပ်ရမယ့်နည်းတွေ အများကြီးပါ။ လျှပ်စစ်မီးလိုချင်တာမှန်တယ်၊ ဒါပေမယ့် ကိုယ့်အသက်အိုးအိမ်တွေနဲ့ ရင်းပြီးမှရမယ်ဆိုရင် မယူတော့ဘဲ အမှောင်ထဲပဲနေမယ်။
မေး - နိုင်ငံရဲ့ အရေးပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ (ကာလုံ) မှာ NLD က စစ်တပ်ထက် အင်အား နည်းနေတာကို တွေ့ရတယ်။
ဖြေ - ဒါက ဖွဲ့စည်းပုံနဲ့ဆိုင်တယ်။ တပ်ရဲ့စီမံခန့်ခွဲခွင့် အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပေးပြီးသား၊ သမ္မတတောင် ပြောလို့မရဘူး။ ဒါ့ကြောင့် ကာလုံကို ကျွန်တော်တို့အမြင်အရ သိပ်ပြီးတော့ တိုင်းပြည်ကို မောင်းနှင်မယ့်အဖွဲ့မဟုတ်ဘူး။ တကယ်မောင်းရမှာက အစိုးရအဖွဲ့ပဲ။ အရေးပေါ်ဆိုင်ရာ ပြဋ္ဌာန်းချက်တွေမှာ၊ နိုင်ငံခြားနဲ့ စစ်ဖြစ်မယ့်ကိစ္စတွေမှာ ကာလုံကဏ္ဍ အရေးပါလာမှာ၊ တခြားအချိန်တွေကတော့ ပုံမှန်ပဲ။ သို့သော် အစိုးရအပြောင်းအလဲတို့၊ တိုင်းပြည်ဆူပူဖြစ်လာတာတို့မှာ သူပါမှာ။ အဲ့ဒီလိုအခြေအနေဖြစ်လာရင်လည်း လွှတ်တော်ဆိုတာ ပျက်ပြီ၊ အစိုးရအဖွဲ့ ပျက်ပြီ။ ပြီးခဲ့တဲ့ ၅ နှစ်တာ အစိုးရသက်တမ်းမှာကတော့ ကာလုံရဲ့ သဘောတူညီချက် ယူခဲ့ရတဲ့ကိစ္စ တစ်ခုမှမကြားမိခဲ့ဘူး။ ဒါကလည်း ကျွန်တော်တို့ပဲ မသိတာလား၊ သူတို့က မထုတ်ပြန်တာလားတော့ မပြောတတ်ဘူး။
မေး - အစိုးရသစ်က တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဖွဲ့တာကို ဘယ်လိုမြင်လဲ။
ဖြေ - တိုင်းရင်းသားလို့ ပြောရင် ဗမာပါသလား၊ မပါဘူးလား။ အားလုံးက ပြောတော့ ပါပါတယ်။ ဒါဆိုရင် တစ်နိုင်ငံလုံးနဲ့ မဆိုင်တော့ဘူးလား။ တိုင်းရင်းသား အခွင့်အရေးဆိုတာ ဘယ်သူ့ကို ပြောချင်တာလဲ။ အားလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုရင် တိုင်းရင်းသားလို့ မပြောနဲ့တော့၊ နိုင်ငံသားလို့ပဲ ပြောရမှာ။ အခုက တိုင်းရင်းသား အခွင့်အရေးကို သီးခြားခွဲထုတ်လိုက်သလိုဖြစ်တာကြောင့် တိုင်းရင်းသားဆိုတဲ့ အဆင့်တစ်ခု သတ်မှတ်လိုက်ပြီးတော့ ဗမာကအဆင့်တန်းတစ်ခုလို့ ခွဲထုတ်လိုက်သလို ပိုဖြစ်သွားနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကတော့ ဒီကိစ္စကို သဘောမတူသလို လက်လည်း သိပ်မခံချင်ဘူး။ ကျွန်တော်တို့က နိုင်ငံသားမဟုတ်ဘူးလား။ နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရတဲ့သူ၊ ဧည့်နိုင်ငံသား၊ နိုင်ငံခြားသား ဘယ်လို ခံစားခွင့်ရှိကြတယ်ဆိုတာကို ကွဲကွဲပြားပြား လုပ်လိုက်ရင် ရတယ်။ အဲ့ဒါကို အသိအမှတ်မပြုခင်မှာ လွှတ်တော်မှာ တိုင်းရင်းသား ပါတီ အများကြီးရှိနေတဲ့ဟာ ကြိုပြီးတော့ ညှိနှိုင်းမှုမရှိခဲ့ဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် လုပ်မယ်ဆိုပြီးလုပ်တာ။ ဒီတိုင်းရင်းသားအခွင့်အရေး ဥပဒေအရလည်း ပြည်စုံမှု မရှိဘူးလို့ ထင်တယ်။ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်းက သူ့ဓလေ့၊ သူ့ယဉ်ကျေးမှု၊ သူ့စာပေတွေ အားလုံးကို ဖွဲ့စည်းပုံမှာလည်း ပေးထားပြီးသားပဲ။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက နိုင်ငံသားအခွင့်အရေးတွေကို လေးစားလိုက်နာမယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးဆိုတာကို သီးခြားတောင်းစရာမလိုဘူး။ အခုဒီလိုလုပ်ခြင်းအားဖြင့် ဗမာလောက် အပြည့်အဝ မပေးချင်လို့ ကန့်သတ်လိုက်တဲ့ပုံမျိုးဖြစ်တယ်။ ။
ဧပြီ ၈ ရက်နေ့ သတင်းများ
လက်ဖက်ခြံအတွင်း မြေမြှုပ်မိုင်းကြောင့် ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ ဇာတီ(တောင်) ရွာအနီး လက်ဖက်ခြံအတွင်း ဧပြီ ၆ ရက်နေ့က မြေမြှုပ်မိုင်းပေါက်ကွဲသဖြင့် လက်ဘက်ခူးသူ အမျိုးသမီး၁ ဦး သေဆုံးပြီး၊ ဆယ်ကျော်သက်မိန်းကလေး ၃ ဦး ဒဏ်ရာရသွားသည်။ ထိုကျေးရွာသည် တပ်မတော်နှင့် ပလောင်လက်နက်ကိုင်အဖွဲ့တို့ ထိတွေ့မှုရှိသည့်ဒေသများထဲတွင် ပါဝင်သည်။ (ကိုးကား - The Daily Eleven)
ကနေဒါဒေါ်လာ ၄၄ သန်း အကူအညီ မြန်မာရမည်
မြန်မာနိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စုစနစ် အောင်မြင်စွာထူထောင်နိုင်ရေး၊ အုပ်ချူပ်မှုစနစ် တိုးတက်ကောင်းမွန်ရေး၊ အမျိုးသမီးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးတို့အတွက် ကနေဒါ ဒေါ်လာ ၄၄ သန်း (အမေရိကန်ဒေါ်လာ ၃၄ သန်းခန့်) ကူညီသွားမည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ကြာသပတေးနေ့တွင်  တွေ့ဆုံစဉ် ပြောလိုက်သည်။  (ကိုးကား - မြန်မာအလင်း)
မြန်မာကုမ္ပဏီတစ်ခု ပြည်ပနှင့်ပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံဆောက်
မြန်မာကုမ္ပဏီ တစ်ခုဖြစ်သည့် MAPCO သည် ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းပြီး ရန်ကုန်တစ်ဘက်ကမ်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ဆယ်သန်းခန့် ရင်းနှီးမြှုပ်နှံရမည့် ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး လာမည့်နှစ်တွင် စက်ရုံ စတင်လည်ပတ်နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။ (ကိုးကား - The Daily Eleven)
ဧပြီ ၇ ရက်နေ့ သတင်းများ
ယာဉ်တိုက်ကြောင့် ယမန်နှစ်က နေ့စဉ် ၁၁ ဦး သေဆုံး
၂ဝ၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် ၁၁ ဦး သေဆုံးခဲ့ပြီး နိုင်ငံတွင်း လမ်းမများသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံး လမ်းများဖြစ်နေကြောင်း ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနက ဧပြီ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယမန်နှစ်က ယာဉ်တိုက်မှုပေါင်း ၁၅,ဝဝဝ ကျော် ဖြစ်ပွားပြီး သေဆုံးသူ ၄,ဝဝဝ ကျော် ရှိကြောင်း၊ ယာဉ်တိုက်မှု အများဆုံးဒေသကမှာ ရန်ကုန်တိုင်း၊ သေဆုံးသူ အများဆုံးဒေသမှာ  မွန်ပြည်နယ်ဖြစ်ကြောင်း  သိရသည်။ (ကိုးကား - Democracy Today)
ရန်ကုန်တံတား ၂ ခု စီမံကိန်းငွေများ ကျေးလက်ဒေသသို့သွားမည်
ရန်ကုန်မြို့ မြောက်ဥက္ကလာလမ်းဆုံ၊  ပါရမီလမ်းဆုံ ခုံးကျော်တံတားများ တည်ဆောက်ရန် လျာထားသည့် ကျပ် ၃၁ ဘီလီယံကို ရပ်ကွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုး သုံးစွဲရန်  ဧပြီလ ၆ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
လှည်းကူး၊ တွံတေး၊ တိုက်ကြီး၊ သုံးခွ၊ ကော့မှူး၊ ထန်းတပင် စသော တိုင်းစည်ပင်သာယာနယ်နမိတ်ပြင်မ ၁၂ မြို့နယ် အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
သုံးလအတွင်း ရဲစခန်းရောက် လူသတ်မှု ၂၈၂၊ မုဒိမ်းမှု ၁၈၁ ရှိ
ပြီးခဲ့သည့် သုံးလအတွင်း  တစ်နိုင်ငံလုံးတွင် လူသတ်မှု ၂၈၂ မှု၊ မုဒိမ်းမှု ၁၈၁ မှု  ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။  (ကိုးကား - The Daily Eleven)
ဧပြီ ၆ သတင်းများ
၃ လ အတွင်း ၂၁ ဦး မိုင်းထိ
မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများဒဏ်  ခံရသူ အရေအတွက်မှာ ယခုနှစ် ပထမသုံးလအတွင်း ၂၁ ဦး ရှိသည်ဟု သိရကြောင်း ယူနီဆက် အဖွဲ့က ပြောသည်။  အစီအရင်ခံတင်ပြခြင်း မပြုသည့် အခြားထိခိုက်နစ်နာမှုများလည်း ရှိနိုင်သည်ဟု ဆိုသည်။ (ကိုးကား - The Daily Eleven)
အင်းလေးကန်အတွင်း ရေလျော့နည်းမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်
ရှမ်းပြည်နယ်၊ အင်းလေးကန်အတွင်း ရေလျော့နည်းမှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေရာ   အင်းလယ်တွင် ရေလေးပေခန့်၊ တချို့နေရာတွင် တစ်ပေခန့်သာ ကျန်တော့ကြောင်း သိရသည်။
အင်းထဲရှိ ရွာပေါင်းများစွာတွင် စက်လှေဖြင့်သွားလာရန်၊ သောက်သုံးရေ ရရှိရန် ပိုမို ခက်ခဲလာသည်။  (ကိုးကား - The Daily Eleven)
ပလပ်စတစ်အမှိုက်နှင့်ဆောက်ထားသည့်စာကြည့်တိုက် သင်္ကြန်အပြီး ဖွင့်မည်
ပုဂံညောင်ဦးဒေသ နတ်ကြို့အိုင်ကျေးရွာ မူလတန်းကျောင်းရှိ စာကြည့်တိုက်ကို စွန့်ပစ်ပလပ်စတစ် အသုံးပြုပြီး ဆောက်ထားပြီး နှစ်ဆန်း ၁ ရက်နေ့တွင် ဖွင့်မည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က ပြောသည်။ ပုဂံယဉ်ကျေးမှုဒေသတွင် ပလပ်စတစ်အမှိုက်ကင်းစင်ရေးအတွက် ဒေသခံလူမှုအဖွဲ့များနှင့်ပူးပေါင်းကာ စွန့်ပစ်ပလပ်စတစ်အသုံးပြု အုတ်များဖြင့် အလျား ပေ ၃ဝ၊ အနံ ပေ ၆ဝ စာကြည့်တိုက်ကို တည်ဆောက်ထားကြောင်း၊ ကုန်ကျစရိတ် ကျပ်သိန်းတစ်ရာခန့် ရှိကြောင်း သိရသည်။ (ကိုးကား - The Voice Daily)
ဧပြီ ၅ သတင်းများ
ပြင်းထန်စွာ နှိပ်စက်ခံရသည်ဟု ၈ နှစ်သမီး တရားရုံးတွင် ထွက်ဆို
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိအိမ်တစ်အိမ်တွင် အလုပ်လုပ်ကိုင်စဉ် ပြင်းပြင်းထန်ထန် နှိပ်စက်ခံခဲ့ရကြောင်း အသက် ၈ နှစ်အရွယ် မစုဝေက မြို့နယ်တရားရုံးတွင် တနင်္လာနေ့က ထွက်ဆိုလိုက်သည်။ အိမ်ရှင်အမျိုးသမီးက နေ့ခင်းတွင် နေပူလှန်းပြီး ညဘက်တွင် အမှောင်ခန်းထဲ ထည့်ထားကြောင်း၊ အိမ်အကူဒေါ်သန်းနွဲ့က မြက်စားခိုင်းစဉ် ငြင်းဆန်သဖြင့် အကန်ခံရပြီး လဲကျရာမှ သွားတစ်ချောင်းကျိုးသည်အထိ ဒဏ်ရာ ရခဲ့ကြောင်း၊ ကြိုးတုပ်ရိုက်နှက်ခံရစဉ် သီချင်းဆိုခိုင်းကြောင်း မစုဝေက ထွက်ဆိုသည်။
၁၉၉၃ ခုနှစ် ကလေးသူငယ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူ စစ်ဆေးနေသော ထိုအမှုကို ဧပြီ ၂၈ တွင် ထပ်မံ ကြားနာမည်ဟု သိရသည်။
အင်တာနက်လူမှုကွန်ရက်တွင် ကလေးငယ်နှိပ်စက်ခံရမှု ဓာတ်ပုံ ဖော်ပြခဲ့သူကို ထိုရုံးချိန်းတွင် စစ်ဆေးမည်ဟု တရားခံရှေ့နေ့က ပြောသည်။  (ကိုးကား - Democracy Today)
ဖမ်းဆီးရိုက်နှက်ခြင်း မပြုရန် ဖားကန့်ကျောက်တူးကုမ္ပဏီများ သဘောတူ
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများနှင့် ၎င်းတို့ကို ၂ ပတ်ကြာ လမ်းပိတ်ဆန္ဒပြကန့်ကွက်နေသူများ ညှိနှိုင်းပြေလည်မှု ရရှိသဖြင့် တနင်္ဂနွေနေ့တွင် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
ဒေသခံတို့၏ တောင်းဆိုချက်များထဲတွင် ပြည်သူများ ရှာဖွေစားသောက်ခြင်းကို ဖမ်းဆီးရိုက်နှက်ခြင်း မပြုရန်၊ ရွာအတွင်းမှ ယမ်းဂိုဒေါင်ကြီးများကို ဖယ်ရှားရန်၊ မိုင်းအဆမတန် ဖောက်ခွဲမှု လျှော့ချရန်၊  ရပ်ရွာနှင့် မီတာ ၂ဝဝ အကွာအဝေးအတွင်း စက်ယန္တယားကြီးများဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရန်၊ ပျောက်ကွယ်လုနီးပါး ရေအရင်းအမြစ်များ ပြန်ဖော်ထုတ်ပေးရန်တို့ ပါဝင်သည်။ ဝေ့ခါကျေးရွာ မြေစာပုံပြိုကျမှုကြောင့် လူနေအိမ်များပျက်စီးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက လျစ်လျူပြုထားခြင်းကို ဆန္ဒဖော်ထုတ်မှုမှာ ပြေလည်မှု မရသေးပေ။ (ကိုးကား - The Daily Eleven)
ကမ်းရိုးတန်းဒေသများတွင်  ဒီရေတောဧက ၁,၆ဝဝ စိုက်မည်
ဒီရေတောကို လောင်စာအတွက် အလွန်အကျွံခုတ်ယူမှုကြောင့် ပြုန်းတီးမှုမြင့်မားနေသောကြောင့်  ကမ်းရိုးတန်းဒေသသုံးခုတွင် ဒီရေတောဧက ၁,၆ဝဝ စိုက်ပျိုးတည်ထောင်မည်ဟု သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဘိုနီက ပြောသည်။  ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်ဒေသ ကမ်းရိုးတန်းဒေသများတွင် ဒီရေတော အလွန်အကျွံ ခုတ်ယူခြင်း မပြုရန် ပညာပေးလျက်ရှိကြောင်း သိရသည်။ ဒီရေတောပြုန်းတီးရသည့်အကြောင်းရင်းများထဲတွင် လယ်မြေနှင့် ပုဇွန်ကန်များအဖြစ် ပြောင်းလဲ အသုံးချခြင်းလည်း ပါဝင်သည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တို့က ပြောသည်။ (ကိုးကား - The Voice Daily)
ဧပြီ ၄ သတင်းများ
စစ်ကိုင်းဝန်ကြီးချုပ်၏ကား အများနည်းတူမောင်းနှင်ရန် ညွှန်ကြားထား
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်သစ် ဒေါက်တာမြင့်နိုင်က ၎င်း၏ယာဉ်တန်းကို ဦးစားပေး ဖြတ်သန်းသည့် အခွင့်အရေး မပေးရန် ညွှန်ကြားထားသည်ဟု မုံရွာမြို့ရှိ အမှတ် ၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး အရာရှိတစ်ဦးက ပြောသည်။ ယခင်က အစိုးရအဖွဲ့ယာဉ်တန်းနှင့်ဆုံလျှင် အခြားမော်တော်ယာဉ်များက လမ်းဘေးချရပ်ပေးရခြင်း၊ အရှိန်လျှော့ရခြင်း၊ ဖွင့်ပွဲအခမ်းအနားများအတွက် အများပြည်သူသုံးလမ်းများကို မကြာခဏ ပိတ်ထားခြင်းများ ရှိခဲ့သည်ဟု မုံရွာမြို့ခံများက ပြောသည်။  (ကိုးကား - The Voice Daily)
ဗီယက်နမ်၊ အိန္ဒိယနိုင်ငံသားတို့ အလည်အပတ်ဗီဇာဖြင့် အလုပ်လုပ်နေ
ဆောက်လုပ်ရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အကြီးစားလုပ်ငန်းတို့တွင် ဗီယက်နမ်၊ အိန္ဒိယနိုင်ငံသားတို့ကို အများဆုံး တွေ့ရှိရပြီး အလည်အပတ်ဗီဇာဖြင့် နေထိုင်လုပ်ကိုင်ကြကြောင်း၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့်ဗီဇာကို အစိုးရက ထုတ်ပေးမှသာ အခွန်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။     (ကိုးကား - The Voice Daily)
ဝဒေသ ပြည်နယ်အဆင့်ရရန် ဝအဖွဲ့ ဆက်လက်တောင်းဆိုမည်
ဝ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရသစ်လက်ထက်တွင်လည်း  ဆက်လက် တောင်းဆိုမည်ဖြစ်ကြောင်း၊ အရပ်သားအစိုးရဖြစ်သောကြောင့် လိုက်လျောပေးမည်ဟု ယုံကြည်ကြောင်း  ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပြောသည်။
ပါတီက ဒေသတွင်း ထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်စာများတွင် "ဝ ပြည်နယ် အစိုးရ" ဟု ဖော်ပြလေ့ရှိသည်။      (ကိုးကား - The Voice Daily)
ဧပြီ ၁ ရက်နေ့ သတင်းများ
သမ္မတကတော် အမတ်အဖြစ် ဆက်ရပ်တည်မည်
သမ္မတသစ်ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်သည် လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌတာဝန်မှ နှုတ်ထွက်သွားသော်လည်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် တည်ရှိနေမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောသည်။
သမ္မတကတော် အမတ်အဖြစ် တာဝန်မယူရဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အရေးပါသည့်တာဝန်အများအပြား ရှိတတ်သည့်အတွက် သမ္မတကတော်အဖြစ်သာ ရပ်တည်လျှင် ပိုမို သင့်လျော်မည်ဟု ယူဆကြောင်း ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က သုံးသပ်သည်။ (ကိုးကား - The Myanmar Times)
ရန်ကုန်သင်္ကြန်တွင် စီးပွားဖြစ်မဏ္ဍပ်များ ခွင့်မပြုတော့ဟုဆို
အစိုးရသစ်လက်ထက် ရန်ကုန်သင်္ကြန်ပွဲတော်တွင် စီးပွားဖြစ် လက်မှတ်ရောင်းသည့် ရေကစား မဏ္ဍပ်များ ဆောက်လုပ်ခွင့် မပြုရန် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားကြောင်း   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦးကပြောသည်။
မဏ္ဍပ်စီစဉ်သူအချို့က ကြိုတင်လက်မှတ်များ ရောင်းချထားကြပြီးဖြစ်သည်ဟု  မဏ္ဍပ်ဆောက်လုပ်ရေး ကန်ထရိုက်တစ်ဦးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍   ဝန်ကြီးချုပ်သစ်က မဏ္ဍပ်ဆောက် လုပ်ခွင့် လျှောက်ထားသူများနှင့် ဆွေးနွေးမည်ဟု သတင်းရရှိသည်။ (ကိုးကား - 7Day Daily)
နိုင်ကျဉ်းလူနာထဲတွင် ဦးခေါင်းဒဏ်ရာရသူ ထက်ဝက်နီးပါးရှိ
ဦးခေါင်းထိခိုက်ဒဏ်ရာရမှု ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း နိုင်ကျဉ်းလူနာ ၃ဝဝ ကို ကောက်ယူသည့် စစ်တမ်းကောက်ကို ကိုးကားပြီး ၎င်းက ပြောသည်။ (ကိုးကား - The Voice Daily)
မန္တလေးဒေသစီမံကိန်းများကို ပြန်စိစစ်မည်ဟု ဝန်ကြီးချုပ်သစ်ပြော
အစိုးရလွှဲအပြောင်းကာလ မန္တလေးတိုင်းဒေသကြီး အတွင်း ခွင့်ပြုခဲ့သည့် စီမံကိန်းများကို ပညာရှင်များဖြင့် အများဆုံး ပြန်လည်စိစစ်မည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
အာဏာလွှဲပြောင်းခါနီး တစ်လအလိုတွင် စာချုပ်အများအပြား ချုပ်ဆိုမှု ရှိခဲ့ကြောင်း၊ စာချုပ်များကို ပယ်ဖျက်မည် မဟုတ်သော်လည်း ပြည်သူအတွက် အကျိုးမရှိပါက စာချုပ်ပြန်လည်ပြင်ဆင်ခြင်း၊ ညှိနှိုင်းခြင်းခြင်း ပြုလုပ်မည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)