မိုးသီးကျဦးမည်
ဧပြီ ၂၉ မှ မေ ၅ အတွင်း နိုင်ငံအနှံ့ လေပြင်းတိုက်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်ခြင်းတို့နှင့် ကြုံတွေ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားရေးဦးစီးဌာနထံမှ သိရသည်။
ဌာနဒုညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက အနောက်လေပွေလှိုင်း ပုံမှန်ထက် အားကောင်းသည့်အတွက် နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ် ပေါ်ခဲ့ကြောင်း၊ မိုးသီးများ ပုံမှန်ထက် ပိုမိုကြီးမားနေခြင်းမှာ ရာသီဥတုဖြစ်စဉ် တစ်နှစ်ထက်တစ်နှစ် အစွန်းရောက်လာသည်ကို ပြသနေခြင်းဖြစ်ကြောင်း ပြောသည်။ (ကိုးကား - Democracy Today)
ချောင်းသာ သစ်တောကြိုးဝိုင်းတွင် တောဆင်ရိုင်း အသတ်ခံရ
ပုသိမ်မြို့နယ် ချောင်းသာ သစ်တောကြိုးဝိုင်းအတွင်းရှိ အောင်ပင်လယ်ကုန်းအနီး ကရင်မချောင်းအတွင်း တောဆင်ရိုင်းအထီးတစ်ကောင်၏ ရုပ်အလောင်း တွေ့ရကြောင်း ချောင်းသာနယ်မြေရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။
အစွယ်၊ နှာမောင်းတို့ ပါဝင်သော ဆင်ခေါင်း မတွေ့ရကြောင်း၊ ကြာသပတေးနေ့တွင် သစ်တော တိရိစ္ဆာန် ကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။ (ကိုးကား The Voice Daily)
မိတ္ထီလာတွင် ဆူပူမှုဖြစ်ရန် အွန်လိုင်းတွင် လှုံ့ဆော်မှုကို ရဲတပ်ဖွဲ့ စုံစမ်းနေ
မိတ္ထီလာမြို့တွင် ပဋိပက္ခဖြစ်ရန် လှုံ့ဆော်ရေးသားနေသော လူမှုကွန်ရက်စာမျက်နှာများ၊ မမှန်မကန်သတင်း တင်နေသူများနှင့် ပတ်သက်ပြီး စုံစမ်းလျက်ရှိကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုးမောင်ရွှေက ကြာသပတေးနေ့တွင် ပြောသည်။ (ကိုးကား - The Daily Eleven)