ယာဉ်တိုက်ကြောင့် ယမန်နှစ်က နေ့စဉ် ၁၁ ဦး သေဆုံး
၂ဝ၁၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် နေ့စဉ် ၁၁ ဦး သေဆုံးခဲ့ပြီး နိုင်ငံတွင်း လမ်းမများသည် အရှေ့တောင်အာရှတွင် အန္တရာယ်အများဆုံး လမ်းများဖြစ်နေကြောင်း ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာနက ဧပြီ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယမန်နှစ်က ယာဉ်တိုက်မှုပေါင်း ၁၅,ဝဝဝ ကျော် ဖြစ်ပွားပြီး သေဆုံးသူ ၄,ဝဝဝ ကျော် ရှိကြောင်း၊ ယာဉ်တိုက်မှု အများဆုံးဒေသကမှာ ရန်ကုန်တိုင်း၊ သေဆုံးသူ အများဆုံးဒေသမှာ မွန်ပြည်နယ်ဖြစ်ကြောင်း သိရသည်။ (ကိုးကား - Democracy Today)
ရန်ကုန်တံတား ၂ ခု စီမံကိန်းငွေများ ကျေးလက်ဒေသသို့သွားမည်
ရန်ကုန်မြို့ မြောက်ဥက္ကလာလမ်းဆုံ၊ ပါရမီလမ်းဆုံ ခုံးကျော်တံတားများ တည်ဆောက်ရန် လျာထားသည့် ကျပ် ၃၁ ဘီလီယံကို ရပ်ကွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုး သုံးစွဲရန် ဧပြီလ ၆ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။
လှည်းကူး၊ တွံတေး၊ တိုက်ကြီး၊ သုံးခွ၊ ကော့မှူး၊ ထန်းတပင် စသော တိုင်းစည်ပင်သာယာနယ်နမိတ်ပြင်မ ၁၂ မြို့နယ် အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ (ကိုးကား - မြန်မာ့အလင်း)
သုံးလအတွင်း ရဲစခန်းရောက် လူသတ်မှု ၂၈၂၊ မုဒိမ်းမှု ၁၈၁ ရှိ
ပြီးခဲ့သည့် သုံးလအတွင်း တစ်နိုင်ငံလုံးတွင် လူသတ်မှု ၂၈၂ မှု၊ မုဒိမ်းမှု ၁၈၁ မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။ (ကိုးကား - The Daily Eleven)