ကချင်နှင့်စစ်ကိုင်းတွင် သတ္ထုမိုင်းဧရိယာ အများဆုံးတည်ရှိ
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အသစ်ဖော်ဆောင်သည့် မိုင်းတွင်းဧရိယာသည် တစ်နိုင်ငံလုံး၏ ၈၁ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဗုဒ္ဓဟူးနေ့က ပြောသည်။
စိမ်းလန်းအမိမြေက ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သတ္ထုတူးဖော်ရေး ဧရိယာအပြောင်းအလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာ သတ္ထုတူးဖော်ရေးလုပ်ငန်းနှင့် ပက်သက်၍ စစ်တမ်းကောက်ယူခဲ့သည်။
တချို့မိုင်းတွင်းများသည် တရားမ၀င် လုပ်ကိုင်နေကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောသည်။ (ကိုးကား - The Daily Eleven)
၁၂ နှစ်အတွင်း သစ်တော ဟတ်တာ ၁ သန်းကျော် ပြုန်းတီး
မြန်မာ့သစ်တောပြုန်းတီးမှုသည် ၁၂ နှစ်အတွင်း ဟတ်တာ ၁ သန်းခွဲကျော် ( ဧက ၃ ဒသမ ၇ သန်းကျော်) ရှိကြောင်း စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။
၂၀၀၂ တွင် ပကတိကောင်းမွန်သော သစ်တောများရှိမှုသည် ၁၁ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၄ တွင် မြေအသုံးချမှုပုံစံ ပြောင်းလဲခြင်းကြောင့် အတန်းအစားကျဆင်းကာ ရွက်အုပ်ပွင့်တောအဖြစ် ပြောင်းသွားသည်ကို သုတေသနပြု တွေ့ရှိရကြောင်း စိမ်းလန်းအမိမြေ နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့ ၂ ခုက ဆိုသည်။
ထို ၃ ဖွဲ့သည် မြန်မာ့သစ်တောဖုံးလွှမ်းမှုအခြေအနေကို ကောင်းကင်ဓာတ်ပုံလေ့လာခြင်း၊ နယ်မြေကွင်းဆင်းလေ့လာခြင်းတို့ဖြင့် တစ်နှစ်ကြာ သုတေသန ပြုခဲ့သည်။ (ကိုးကား - 7Day Daily)
ရခိုင်ဒေသသို့ လက်နက်၊ မူးယစ်ဆေးမဝင်နိုင်ရန် လုံခြုံရေးတင်းကြပ်
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်သို့ လက်နက်၊ မူးယစ်ဆေး ဝင်မလာနိုင်စေရန် မြို့အဝင်ဂိတ်များ၊ ရေယာဉ်ဆိပ်များတွင် လုံခြုံရေးတင်းကြပ်ထားကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဝင်းနောင်က ပြောသည်။ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တို့တွင် ဧပြီ ၁၆ မှ ၂၂ အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ (ကိုးကား - Democracy Today)