ဧပြီ ၂၅ သတင်းများ

ရန်ကုန်လေဆိပ်ဝန်ထမ်းဆန္ဒပြမှုကြောင့် ခရီးစဉ်တချို့နှောင့်နှေး
ရန်ကုန်လေဆိပ် ကုမ္ပဏီဝန်ထမ်းတချို့ အလုပ်မဆင်းဘဲဆန္ဒပြသဖြင့် စနေနေ့က လေယာဉ်အချို့ ထွက်ချိန် နောက်ကျသွားသည်။ လေယာဉ်ဆီဌာန ဝန်ထမ်းများကို NEPAS ကုမ္ပဏီသို့ လွှဲပြောင်းရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် မညီညွတ်ခြင်း၊ လုပ်ခ လစာ ညှိနှိုင်းမှု မပြေလည်ခြင်းတို့ကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။ ဆန္ဒပြမည့်အစီအစဉ်ကို ကြိုသိသဖြင့် လေယာဉ်ဆီဖြည့်ရန် မြန်မာ့ရေနံဝန်ထမ်းများကို အသုံးပြုခဲ့ကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)

သံဃာလျော့နည်းလာသည့်အကြောင်းရင်းများတွင် လက်ကိုင်ဖုန်း ပါဝင်
သံဃာအရေအတွက် လျော့နည်းလာရသည့်အကြောင်းရင်းများတွင်  စာသင်သားတို့ ခေတ်ဟောင်းပညာရေး သို့မဟုတ် ခက်ခဲပင်ပန်းသည့် အလွတ်ကျက် အာဂုံဆောင်ရသည့် စနစ်၊ ကိုရင်ငယ်များ သာသနာ့ဘောင်တွင် ခေတ္တခဏသာ နေထိုင်လာခြင်း၊  လက်ကိုင်ဖုန်းနှင့် အင်တာနက်လူမှုကွန်ရက် အသုံးပြုလာပြီး သာသနာ့ဘောင်တွင် မပျော်ပိုက်ခြင်း စသည်တို့ ပါဝင်သည်ဟု သိရသည်။
စာသင်သားတို့ ပျော်မွေ့စေရန် စာသင်တိုက်များတွင် စည်းကမ်းတင်းကျပ်မှုများ ဖြေလျော့ပေးနေရသည်ဟု သိရသည်။
မြန်မာပြည်တွင် သံဃာ အင်အား ငါးသိန်းဝန်းကျင်ရှိရာမှ သုံးသိန်းခွဲအထိ လျော့နည်းလာကြောင်း၂ဝ၁၄ သန်းခေါင်စာရင်းအရ သိရသည်။ သံဃာ နှစ်သိန်းကျော်ရှိခဲ့သည့်ထိုင်းတွင်လည်း  သံဃာအရေအတွက် လျော့နည်းလာကြောင်း သိရသည်။ (ကိုးကား - The Voice Weekly)


စင်္ကာပူတွင် မြန်မာတစ်သိန်းခန့် နေထိုင်

အလုပ်အကိုင်၊ ပညာရေးအတွက်  စင်ကာပူတွင် နေထိုင်သူ မြန်မာ တစ်သိန်းခန့် ရှိကြောင်း စင်ကာပူသံအမတ်ကြီးက ပြောသည်။ ရန်ကုန်ရောက် စင်ကာပူနိုင်ငံသား အရေအတွက်မှာ ခုနစ်ရာခန့် ရှိနေသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)