စစ်ကိုင်းဝန်ကြီးချုပ်၏ကား အများနည်းတူမောင်းနှင်ရန် ညွှန်ကြားထား
စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်သစ် ဒေါက်တာမြင့်နိုင်က ၎င်း၏ယာဉ်တန်းကို ဦးစားပေး ဖြတ်သန်းသည့် အခွင့်အရေး မပေးရန် ညွှန်ကြားထားသည်ဟု မုံရွာမြို့ရှိ အမှတ် ၁၇ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး အရာရှိတစ်ဦးက ပြောသည်။ ယခင်က အစိုးရအဖွဲ့ယာဉ်တန်းနှင့်ဆုံလျှင် အခြားမော်တော်ယာဉ်များက လမ်းဘေးချရပ်ပေးရခြင်း၊ အရှိန်လျှော့ရခြင်း၊ ဖွင့်ပွဲအခမ်းအနားများအတွက် အများပြည်သူသုံးလမ်းများကို မကြာခဏ ပိတ်ထားခြင်းများ ရှိခဲ့သည်ဟု မုံရွာမြို့ခံများက ပြောသည်။ (ကိုးကား - The Voice Daily)
ဗီယက်နမ်၊ အိန္ဒိယနိုင်ငံသားတို့ အလည်အပတ်ဗီဇာဖြင့် အလုပ်လုပ်နေ
ဆောက်လုပ်ရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု အကြီးစားလုပ်ငန်းတို့တွင် ဗီယက်နမ်၊ အိန္ဒိယနိုင်ငံသားတို့ကို အများဆုံး တွေ့ရှိရပြီး အလည်အပတ်ဗီဇာဖြင့် နေထိုင်လုပ်ကိုင်ကြကြောင်း၊ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့်ဗီဇာကို အစိုးရက ထုတ်ပေးမှသာ အခွန်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အတွင်းရေးမှူး ဦးအေးလွင်က ပြောသည်။ (ကိုးကား - The Voice Daily)
ဝဒေသ ပြည်နယ်အဆင့်ရရန် ဝအဖွဲ့ ဆက်လက်တောင်းဆိုမည်
ဝ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်နယ်အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစိုးရသစ်လက်ထက်တွင်လည်း ဆက်လက် တောင်းဆိုမည်ဖြစ်ကြောင်း၊ အရပ်သားအစိုးရဖြစ်သောကြောင့် လိုက်လျောပေးမည်ဟု ယုံကြည်ကြောင်း ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ပြောသည်။
ပါတီက ဒေသတွင်း ထုတ်ပြန်သော ညွှန်ကြားချက်များ၊ အမိန့်စာများတွင် "ဝ ပြည်နယ် အစိုးရ" ဟု ဖော်ပြလေ့ရှိသည်။ (ကိုးကား - The Voice Daily)