မန္တလေးနန်းတွင်း
စစ်တပ်ရှိနေခြင်းကို နိုင်ငံပိုင်သတင်းစာတွင် ဝေဖန်ရေးသား
မန္တလေးနန်းမြို့အတွင်း
တပ်မတော်က အခြေချ တပ်စွဲထားခြင်းမှာ မသင့်လျော်ကြောင်း အင်္ဂါနေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာ ဆောင်းပါးတစ်ပုဒ်တွင်
စာရေးဆရာ ဆူးငှက်က ဝေဖန် ရေးသားလိုက်သည်။ ပြည်သူကို အကာအကွယ်ပေးရမည့်အစား လက်နက်ကိုင်စစ်တပ်က
ကျုံးလေးတန် ကာဆီးပြီး အုတ်မြို့ရိုးအခိုင်အမာဖြင့် နန်းတွင်းတွင် လုံခြုံစွာ နေထိုင်လျက်ရှိကြောင်း၊
နန်းမြို့ တံခါးမကြီး လေးပေါက်မှာလည်း အစစ်အဆေးထူပြောပြီး နေ့ဘက်တွင်သာ ဝင်ထွက်ခွင့်ရှိကြောင်း
သူက ဆက်လက် ရေးသားထားသည်။ နောက်ဆုံးမင်းနေပြည်တော်ကို အမျိုးသားပြတိုက်နှင့် အပန်းဖြေဥယျာဉ်ကြီးအဖြစ်
ပြောင်းလဲကာ ပြည်တွင်းပြည်ပဧည့်သည်များ လွတ်လပ်စွာ ၀င်ထွက်လေ့လာနိုင်ရန် ခွင့်ပြုသင့်သည်ဟု
သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - မြန်မာ့အလင်း)
ကျွန်းထုတ်လုပ်မှုရပ်ရန်
စီစဉ်မည်ဟု သစ်တောဌာနပြော
ကျွန်းပင်
အရေအတွက် လျော့နည်းလာသဖြင့် ယခုနှစ်အတွင်း ကျွန်းထုတ်လုပ်မှု လုံးဝ ရပ်ဆိုင်းရန် စီစဉ်မည်ဟု
သစ်တောဦးစီးဌာန ညွှန်ချုပ် ဒေါက်တာညီညီကျော်က ပြောသည်။ အချိန်မီပြန်လည် ပြုစု ထိန်းသိမ်းသည့်
လုပ်ငန်းများကို ပထမဦးစားပေးအဆင့်အဖြစ် ပဲခူးရိုးမဒေသတွင် ဆောင်ရွက်မည်ဟု သူက ဆိုသည်။
(ကိုးကား - The Voice Daily)
ရန်ကုန်အိမ်ခြံမြေဈေးကွက်
အကြီးအကျယ် ပြောင်းလဲ
မတ်လမှစ၍
ရန်ကုန် အိမ်ခြံမြေ အရောင်းအဝယ်အေးနေခြင်းကြောင့် အကျိုးဆောင်လုပ်ငန်းတချို့ လုပ်ငန်းရပ်ဆိုင်းထားကြောင်း
အကျိုးဆောင်များထံမှ သိရသည်။ သိန်း ၁,ဝဝဝ တန် အိမ် ၆ဝဝ အထိ ဈေးကျသော်လည်း ဝယ်ယူသူ
မရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်သည့် ကိုမင်းထွန်းက ပြောသည်။ (ကိုးကား - The Voice Daily)