နိုဝင်ဘာ ၂၃ သတင်းများ

ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁ဝဝ ကျော်ထိရှိလာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂၁ ရက်နေ့က အမြင့်ပေ ၁,ဝဝဝ ရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ ရေမဆေးကျောက်ရှာသူများ၊ ၄င်းတို့မိသားစုဝင်များ မြေစာပိ၍သေဆုံးခဲ့သည်။ သေဆုံးသူအရေအတွက် အချိန်နှင့်အမျှပြောင်းလဲလျက်ရှိပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ရရှိသော သတင်းများအရ    ရုပ်အလောင်း ၁ဝ၅ ခု  ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် လူမှုရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက  ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသည်။ (ကိုးကား - 7Day Daily) 

မူးယစ်ဆေးသုံးမှုသံသယဖြင့် ကျောင်းသားအများအပြားကို  ယာယီထိန်းသိမ်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသတစ်ခုရှိ လက်နက်ကိုင်အစောင့်ချပြီး မူးယစ်ဆေး လက်လီလက်ကားရောင်းချသည်ဟု ထင်ရှားသည့်နေရာကို ရဲတပ်ဖွဲ့က ဝင်ဘာ ၂၁ နေ့ခင်းပိုင်းက ဝင်ရောက် စီးနင်းပြီး မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲသူဟု သံသယဖြစ်ခံရသည့် လူငယ် ၁၅ ဦးကို ထိန်းသိမ်းလိုက်သည်ဟု သိရသည်။
ထိုလူငယ်များထဲတွင် အထက်တန်းကျောင်း၊ တက္ကသိုလ်တက်နေသူ အများအပြား ပါဝင်ပြီး ၎င်းတို့ကို  ထိုညနေပိုင်းတွင် ပညာပေးဟောပြောကာ မိသားစုများထံ ပြန်လည်အပ်နှံလိုက်သည်ဟု သိရသည်။
မူးယစ်ဆေးရောင်းသူ ၂ ဦး ဖမ်းဆီးရမိပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ (ကိုးကား - Democracy Today)

ရဲစခန်းတွင် တိုင်ကြားရသော နောက်ဆုံးနေ့၌ ပြည်ခိုင်ဖြိုးက NLD ကို အများဆုံးအမှုဖွင့်ထား
 နိုဝင်ဘာ ၈ မှ ၂၂ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင်  ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးပါတီအချင်းချင်းတိုင်ကြားမှု ၅၈ မှုထဲတွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားမှုက အများဆုံးဖြစ်သည်။
 အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို တိုင်ကြားခြင်းမဟုတ်ဘဲ ပါတီနှင့် ဆက်စပ်သော အမှုများဖြစ်ကြောင်း သက်ဆိုင်ရာ ရဲဌာနများထံမှ သိရသည်။
ရွေးကောက်ပွဲအတွင်းဖြစ် ပွားခဲ့သော ပြဿနာများအနက် ရဲအရေးပိုင်သောပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်း သတ်မှတ်ထားသည်။  (ကိုးကား - 7Day Daily) 

နိုဝင်ဘာ ၂ဝ သတင်းများ

ကဗျာဆရာ မောင်ဆောင်းခကို စတင်ရုံးထုတ်

သမ္မတကြီး ဆိုသော စကားရပ်ပါရှိသည့် ကဗျာတစ်ပုဒ် Facebook တွင်   ရေးသားမှုဖြင့် လဆန်းပိုင်းတွင် ထိန်းသိမ်းခံရသူ ကိုစည်သူအောင် ခေါ် ကဗျာဆရာ မောင်ဆောင်းခကို အီလက်ထရွန်းနစ်ဥပဒေ ချိုးဖောက်မှု စွဲချက်ဖြင့်  ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၁၉ ရက်နေ့က  စတင်စစ်ဆေးသည်။  
ထိုအမှုသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်ထိချမှတ်ခံရနိုင်သောအမှုဖြစ်သည်ဟု  သူ၏ရှေ့နေ  ဦးရောဘတ်စန်းအောင်က ပြောသည်။
အမှုကို နိုဝင်ဘာ ၂၇ တွင် ထပ်မံကြားနာမည်ဖြစ်သည်။ (ကိုးကား  - Messenger)

စစ်ဖြစ်နေသည့် SSA မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံမည်

တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းပြည်တပ်မတော် SSPP/SSA က အစိုးရတာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရန် နေပြည်တော်တွင် တွေ့ဆုံရန် သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုများအရှိန်လျော့ကျစေရန်   ဒုသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံးဝန်ကြီး ဦးသိန်းဇော်တို့ကို စာပေါင်းမြောက်များစွာပို့ခဲ့ကြောင်း၊  ဆွေးနွေးပွဲတွင် လက်ရှိတိုက်ပွဲများနှင့် ပတ်သက်ပြီး အဖြေရှာရေး အဓိကဦးတည်သွားမည်ဖြစ်ကြောင်း SSA အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးစိုင်းနော်လိုက်ခ်က  ပြောသည်။  တိုက်ပွဲများကြောင့် လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ပစ်ထွက်ပြေးခဲ့ကြသည်။ (ကိုးကား - Myanmar Times) 

တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် မိုးညှင်းမှကျောင်းများ ပိတ်ထား

 ကချင်ပြည်နယ်မိုးညှင်းမြို့အနီး တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲပြင်းထန်လာ၍ မြို့ပေါ်ရှိကျောင်းများပိတ်ထားရကြောင်း  ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအနီး ဒေသခံတို့ မြို့ထဲသို့လာရောက်ခိုလှုံသူ အများအပြား ရှိကြောင်း  ကချင်နှစ်ခြင်းအသင်းတော်က ပြောသည်။
 နိုဝင်ဘာ ၁၅ မှ အစပြုခဲ့သော တိုက်ပွဲများသည်  နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပိုမို ပြင်းထန်လာသည်။ (ကိုးကား - The Voice)

နိုဝင်ဘာ ၁၉ သတင်းများ

တိုက်ပွဲများကြောင့် အစိုးရပုံရိပ်ထိခိုက်ဟု SNLD ဝေဖန်
ရှမ်း၊ ကချင်ဒေသတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းသည် လက်ရှိအစိုးရ နောက်ဆုံးကာလများ၏ ပုံရိပ်ဆိုးဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောလိုက်သည်။
နိုင်ငံရေးဆွေးနွေးပွဲများအတွက် တပ်မတော်က ထိုးစစ် ရပ်သင့်ကြောင်း၊ တိုက်ပွဲဆက်ဖြစ်နေပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ထိခိုက်မည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လတ်တလောတိုက်ပွဲများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ရန် သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - The Daily Eleven)
ရှမ်းပြည်နယ်၊ လဲချားတွင် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံး
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်၊ အမျိုးသမီးတို့ အပါအဝင် အပြစ်မဲ့ပြည်သူများထိခိုက်မှု
ဆက်တိုက်ဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါက်ကွဲစေသည့် ကိရိယာတစ်ခုကြောင့် ရှမ်းပြည်နယ် လဲချားမြို့နယ်မှ ၈ နှစ် နှင့် ၁၃ နှစ်အရွယ် မိန်းကလေး နှစ်ဦး သေဆုံးသွားသည့်အတွက် များစွာ ဝမ်းနည်း၊ စိုးရိမ်ပူပန်ကြောင်း ယူနီဆက်အဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကြေညာလိုက်သည်။
မြေမြှုပ်မိုင်းအသုံးပြုခြင်း လုံးဝ ရပ်ဆိုင်းရန်၊ ကလေးငယ်များရှိသည့်နေရာများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် လက်နက်ကိုင်အဖွဲ့များကိုတောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးကော်မရှင် လွတ်လပ်မှု ရှိသင့်ကြောင်း Forum-Asia ထောက်ပြ
နိုင်ငံတွင် အကြီးအကျယ်ဖြစ်ပွားနေသော မြေသိမ်း၊ ယာသိမ်းအမှုများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုင်တွယ်ခြင်းမရှိသည့်အတွက် အာရှဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် Forum-Asia က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဝေဖန်လိုက်သည်။
လေးနှစ်သက်တမ်းရှိလာပြီဖြစ်သော ထိုကော်မရှင်၏ လုပ်ငန်းများ လွတ်လပ်စွာ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး သံသယ ဝင်မိသည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အကူအညီပေးနေသော Forum-Asia အဖွဲ့က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။ ထိုအဖွဲ့က ကော်မရှင်၏ လုပ်ငန်းများကို ၃ ရက်ကြာ လေ့လာခဲ့သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
ကြိုတင်မဲ နှစ်ကြိမ်ပေးသော ရဲအရာရှိကို အမှုဖွင့်
ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ဆန်းဝင်းကို ကြိုတင်မဲ နှစ်ကြိမ်ပေးမှုဖြင့် ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် အမှုဖွင့်လိုက်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့က ရပ်ကွက်မဲရုံတွင် မဲပေးပြီး နှစ်ရက်အကြာ သင်တန်းကျောင်းသို့ရောက်စဉ် သင်တန်းသားအားလုံး ကြိုတင်မဲထည့်ရမည်ဟု သင်တန်းမှူးက ပြောဆိုသဖြင့် ဆူပူခံရမည်ကို စိုးရိမ်ပြီး မဲထပ်ပေးခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (ဆ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်သော အမှု ဖြစ်သည်။  (ကိုးကား - The Voice Daily)

နိုဝင်ဘာ ၁၈ သတင်းများ


KIA ကို ဆက်တိုက်မည်
ကချင်ပြည်နယ်၊ မိုညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်အကွာရှိ KIA စခန်းတစ်ခုကို သိမ်းဆည်းလိုက်ပြီး  KIA အဖွဲ့ကို ဆက်လက်၍ "တိုက်ခိုက်ချေမှုန်းသွားမည်"ဟု တပ်မတော်သတင်းဌာန မြဝတီက နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၅ ရက်နေ့ စခန်းသိမ်းပိုက်ပွဲတွင် တပ်မတော်ဘက်မှ ကျဆုံး ဒဏ်ရာရကြောင်း၊ တိုက်ပွဲအစကပင် မိုးညှင်းအနီး အမြောက်စခန်းများက ပစ်ကူ တိုက်ခိုက်ကြောင်း၊  နောက်တစ်နေ့တွင်  လေတပ်အင်အား သုံးခဲ့ကြောင်း သိရသည်။ (ကိုးကား - မြဝတီ)

ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း

အကျဉ်းသားလွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြခြင်းကို အစိုးရသစ်ထံ အာဏာလွှဲပြောင်းချိန်အထိ ရပ်နားကြောင်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကြေညာလိုက်သည်။
ရွှေဝါရောင်သံဃာများ၊ အရပ်ဘက်အဖွဲ့များ၏ မေတ္တာရပ်ခံမှုကြောင့် ၂၆ ရက် ပြည့်သည့်နေ့တွင် ရပ်နားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးအချိန်တွင် ဆန္ဒပြနေသူ ၇ ဦး ရှိသည်။ (ကိုးကား - 7Day Daily)

ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို သုံးဦးပါခုံရုံးဖြင့် စစ်ဆေးမည်
ရွေးကောက်ပွဲရလဒ်ဆိုင်ရာ တိုင်ကြားချက်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦး၊ ဥပဒေပညာရှင် နှစ်ဦးပါဝင်သည့် ခုံရုံးက စစ်ဆေးမည်ဖြစ်ပြီး ခုံရုံးအဆုံးအဖြတ်ကို မကျေနပ်ပါက နောက်ဆုံးအဆင့်အဖြစ် ၁၅ ရက်အတွင်း  ကော်မရှင်ထံ  အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်စာရင်းကြေညာပြီး ၄၅ ရက်အတွင်း ကော်မရှင်သို့ ကျပ်ငါးသိန်းသွင်းကာ တိုင်ကြားနိုင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်းကလည်းကောင်း၊  မဲဆန္ဒရှင်ကလည်းကောင်း ကန့်ကွက်တိုင်ကြားနိုင်ကြောင်း ရွေးကောက်ပွဲဥပဒေများ၌ ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)

နိုဝင်ဘာ ၁၇ သတင်းများ

ထောင်တွင်းအစာငတ်ခံဆန္ဒပြမှုရပ်ရန် နိုင်ငံရေးအဖွဲ့များတောင်းဆို

အကျဉ်းသားလွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြခြင်းကို အစိုးရသစ်ထံ အာဏာလွှဲပြောင်းချိန်အထိ ရွှေ့ဆိုင်းပေးရန်
နိုင်ငံရေးအဖွဲ့ ၉ ခုက နိုဝင်ဘာ ၁၆ ရက်နေ့တွင် မေတ္တာရပ်ခံလိုက်သည်။
အစာငတ်ခံဆန္ဒပြနေသူများထဲမှ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားရာ နိုဝင်ဘာ ၁၄ ရက်နေ့က NLD ခေါင်းဆောင်တစ်ဦး သွားရောက် တွေ့ဆုံခဲ့ကြောင်း၊
ဆန္ဒပြနေသူများအတွက် ဂုဏ်ယူသော်လည်း အပြောင်းအလဲကာလတွင် ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ဆန္ဒပြမှုများ ရပ်ဆိုင်းပေးရန်
ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပါးလိုက်ကြောင်း သိရသည်။ (ကိုးကား - Daily Eleven)

KIA နှင့် အစိုးရတပ် မိုးညှင်းတွင် တိုက်ပွဲဖြစ်
နိုဝင်ဘာ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် မိုင်းရှင်းလင်းရေးလုပ်နေသော တပ်မတော်သားများကို ဝင်ရောက်တိုက်ခိုက်သည့် KIA အဖွဲ့က အင်အား အဆမတန်များနေသည့်အတွက်
လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ ရယူပြီး တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု အစိုးရတပ်က ပြောသည်။
KIA အရာရှိတစ်ဦးကမူ  အစိုးရတပ်က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အကျအဆုံး ရှိကြောင်း နှစ်ဘက်စလုံးက ပြောသည်။
ပြင်းထန်သောတိုက်ပွဲကြောင့် မော်ဟန်ကျေးရွာမှ ဒေသခံများ မြို့တွင်းသို့ တိမ်းရှောင်လာကြောင်း သိရသည်။ (ကိုးကား - The Voice Daily)

နာဂတပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အိန္ဒိယ ကြေညာ
မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး နယ်စပ်ဒေသတွင် လှုပ်ရှားနေသော နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အိန္ဒိယနိုင်ငံက
နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကြေညာလိုက်သည်။ ထိုအဖွဲ့၏ ချုံခိုတိုက်ခိုက်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။ NSCN-K သည်  ၂ဝ၁၂ တွင် မြန်မာအစိုးရနှင့် အပစ်ရပ်သဘာတူညီချက် ရရှိထားသည်။
(ကိုးကား - The Voice Daily)

နိုဝင်ဘာ ၁၆ သတင်းများ

အမတ်တာဝန်မှရုပ်သိမ်းရေးဥပဒေကြမ်း လွှတ်တော်တွင် ဆွေးနွေးမည်
လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းသည့် ဥပဒေကြမ်း အတည်ပြုနိုင်ရေး အတွက် လွှတ်တော် သဘောထားရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားသည့် လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းရန် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
“ဒီဥပဒေက လေလောဆယ်တော့ ဆိုင်းငံ့ထားတာပေါ့။ လွှတ်တော်က သဘောတူတယ်ဆိုရင်တော့ ဆက်လုပ်ဖို့ အဆင်သင့်။ ဥပဒေက ရေးထားပြီးသားပါ” ဟု ဦးစောလှထွန်းက ပြောသည်။ (ကိုးကား - 7Day Daily)
တာမိုးညဲ ပြည်ခိုင်ဖြိုးအမတ်၏ကား တိုက်ခိုက်ခံရ၊ လုံခြုံရေး ၂ ဦး ဒဏ်ရာရ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က သူ၏ ကားတစ်စီး နိုဝင်ဘာ ၁၄ ရက်က တာမိုးညဲနှင့် ကွတ်ခိုင်မြို့နယ်အကြားတွင် ချောင်းမြောင်း ပစ်ခတ်ခံရသဖြင့် လုံခြုံရေးလိုက်ပါလာသည့် ပြည်သူ့စစ်နှစ်ဦး ဒဏ်ရာ ရသွားသည်ဟု ပြောသည်။
ဦးမြင့်လွင်လိုက်ပါသော ကားမှာမူ ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် ကွတ်ခိုင်သို့ရောက်နေပြီဖြစ်ကြောင်း၊ ပစ်ခတ်ခံရသောကားမှာ ယခင်က သူအမြဲစီးနေကျကားဖြစ်ကြောင်း သိရသည်။
မည်သူတို့က တိုက်ခိုက်သည်ကို မသိသော်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နယ်မြေမှာ ပလောင်ဓားပြများ၊ ကချင်လက်နက်ကိုင်အဖွဲ့ (ကေအိုင်အေ) တို့ လှုပ်ရှားနေသည့် နယ်မြေဖြစ်ကြောင်း နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ပြန်လည် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ဦးမြင့်လွင်က ပြောသည်။ (ကိုးကား - 7Day Daily)

သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၉ တွင် ဆွေးနွေးမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုဝင်ဘာ ၁၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့ကလည်း ခေတ္တတွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သူ၏ Facebook တွင် ရေးလိုက်သည်။
အမျိုးသားပြန်လည် သင့်မြတ်ရေးသဘောထားကို အခြေခံသည့်တွေ့ဆုံ ဆွေးနွေးမှုလုပ်ရန် ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရပါတီ၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကိုလည်း ကမ်းလှမ်းထားသည်။
တွေ့ဆုံရေးအတွက် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များ ပြီးဆုံးမှ နှစ်ဘက် ညှိနှိုင်းမည်ဟု သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးတို့က အကြောင်းပြန်ထားကြသည်။ (ကိုးကား - Democracy Today)

NLD အနိုင်ရမှုကို မဘသ ဆရာတော်များ သတိထားပြီးကြိုဆို

အိချယ်ရီအောင်၊ ဖြိုးသီဟချို 

ရန်ကုန် (Myanmar Now) –  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိသွားတာကို အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဦးဆောင် ဆရာတော်တချို့က သောကြာနေ့မှာ ကြိုဆိုလိုက်ကြပြီး အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေတွေ ပြင်ဆင်၊ ဖျက်သိမ်းရေးတွေကို မလုပ်ဆောင်ဖို့လည်း သတိပေးလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ  NLD အနိုင်ရရှိခဲ့မှုက ပြည်သူတွေရဲ့  ရွေးချယ်မှု ဖြစ်တယ်လို့ မန္တလေးက မဘသ ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူက မိန့်ပါတယ်။  တခြားပါတီများ၊ ပါတီငယ်များ အနိုင်မရရှိခဲ့တာကိုတော့ စိတ်မကောင်း မိကြောင်း ဦးဝီရသူက မှတ်ချက်ပြုပါတယ်။

ဦးနေဝင်းလက်ထက်ကနေစတင်ပြီး အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လာခဲ့တဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဘက်ကို ရွေ့လျား လာပြီလို့ ရန်ကုန်မြို့က မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးပါမောက္ခက မိန့်ကြားပါတယ်။

“မြန်မာနိုင်ငံမှာ  ငွေပေးနိုင်တဲ့သူ၊ အာဏာရှင်၊ ခရိုနီတွေသာ အနိုင်ရတယ်။ ကနေ့ အဲဒီခေတ် ကုန်ဆုံးတော့မယ်။ ပြည်သူ တွေ တရားဥပဒေရဲ့ စောင့်ရှောက်မှုအောက်မှာ အကာကွယ်တွေ ရတော့မယ်လို့ ဦးဇင်းမျှော်လင့်နေတယ်”လို့ ဦးပါမောက္ခက မိန့်ပါတယ်။

● NLD  အနိုင်ရမှာကို မဘသ ဆရာတော်များ စိုးရိမ်ခဲ့
NLD ပါတီကို မဲမပေးဖို့၊ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့်ပါတီကိုပဲ မဲပေးဖို့ တိုက်ရိုက်လှုံ့ဆော်မှု၊ သွယ်ဝိုက်လှုံ့ ဆော်မှုတွေ နိုင်ငံအနှံ့အပြားမှာ မဲဆွယ်ကာလအတွင်း ပေါ်ပေါက်ခဲ့ပါတယ်။

NLD သာ အနိုင်ရခဲ့ရင် ရခိုင်ပြည်နယ်အတွင်းက  ဘင်္ဂါလီ/ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်ခွင့်ရသွားမယ်လို့ ကန့်ကွက်သူတွေက ဆိုပါတယ်။

မဘသ ဗဟိုရဲ့အတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိကလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ဖို့ အချိန်မတန်သေး ဘူးလို့ ရွေးကောက်ပွဲမတိုင်ခင်မှာ မိန့်ကြားခဲ့ဖူးပါတယ်။

“ဘာမှမလုပ်ဘူးတဲ့လူကနိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူဖြစ်သွားမလဲ၊  ကြံ့ခိုင်ရေးဖြစ် သွားမယ်။   အဲဒီနောက်မှာ ဘယ်သူရှိလဲ၊  စစ်တပ်ရှိတယ်။  ငါတို့က အဲဒါမြင်တာ။  တိုင်းပြည်အတွက်မြင်တာ။  သူ့ကိုမုန်းလို့ မဟုတ်ဘူး”  လို့  ဆရာတော်ဦးဝိမလဗုဒ္ဓိက Myanmar Now ကို မှတ်ချက်ပေး မိန့်ကြားပါတယ်။  


● မျိုးစောင့်ဥပဒေ ပြင်ဆင်ဖျက်သိမ်းရေးကို လက်မခံ
တပ်မတော် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အားကောင်းတဲ့လွှတ်တော်က မျိုးစောင့် ဥပဒေတွေကို ရွေးကောက်ပွဲမတိုင်ခင် ရေးဆွဲပြဋ္ဌာန်းလိုက်တာပါ။

မဘသအဖွဲ့ရဲ့ အဓိကရပ်တည်ချက်ကိုက အဲဒီဥပဒေတွေကို ကာကွယ်ဖို့ဖြစ်ကြောင်း ဦးဆောင်ဆရာတော်တွေက အတိအ လင်းကြေညာထားပါတယ်။ NLD ပါတီအစိုးရဖွဲ့ပြီးရင် မျိုးစောင့်ဥပဒေတွေကို ပြင်ဆင်၊ ဖျက်သိမ်းမှာစိုးရိမ်ကြောင်း ဦးဝီရသူ က မိန့်ပါတယ်။

 “နိုင်ငံကို ပြန်လည်ထူထောင်ဖို့က အရေးကြီးသလား၊ မျိုးစောင့်ဥပဒေကို ဖျက်ဖို့က အရေးကြီးသလားဆိုတာ သူတို့တော့ စဉ်းစားရမှာပေါ့”လို့ ဆရာတော်က မိန့်ပါတယ်။

ဦးပါမောက္ခကလည်း NLD ဟာ မျိုးစောင့်ဥပဒေ၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေတွေကို မပြင်ဆင်သင့်ဘူးလို့ မိန့်ပါတယ်။

“မျိုးစောင့်ဥပဒေကို ဖျက်မယ်ဆို ပြန်လည်ရင်ကြားစေ့တာမျိုးတွေလည်း မဖြစ်နိုင်တော့ဘူး။ အမုန်းတရားတွေက တစ်ဖက်နဲ့ တစ်ဖက်ပို၍ ပွားသွားမယ်။ မေတ္တာတရားရှေ့ထားပြီး တိုင်းပြည်အနာဂတ်ကို ပြည်သူတွေမျှော်လင့်ထားတဲ့ အတိုင်း လုပ် ဆောင်သွားဖို့ကိုလည်း NLD ကို ဘုန်းကြီးက တိုက်တွန်းပါတယ်” လို့ ဦးပါမောက္ခက မိန့်ပါတယ်။

လယ်သမား၊ အလုပ်သမားဆိုင်ရာ ဖြေရှင်းစရာတွေ၊  မြန်မာနိုင်ငံအတွင်း အဘက်ဘက်က နိမ့်ကျနေတတာတွေကိုပဲ NLD က အဓိက ဦးတည်ဖြေရှင်းသင့်တယ်လို့ ဦးပါမောက္ခက ဆက်လက် မိန့်ကြားပါတယ်။

မဘသရဲ့ အထင်ကရ ဆရာတော်တွေရဲ့ သတိနဲ့ကြိုဆိုမှုနဲ့ပတ်သက်ပြီး  NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ကျေးဇူး စကား ဆိုပါတယ်။

"ဘယ်သူတွေဖြစ်ဖြစ်ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်မှုအပေါ် ဂုဏ်ပြုတယ်ဆိုရင်တာ့  ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်" လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

"(မျိုးစောင့်ဥပဒေတွေကို) လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းကြိုက်ခြင်း မကြိုက်ခြင်းဆိုတာဟာ လွှတ်တော်ရဲ့အလုပ်ပါပဲ။ ခု လောလောဆယ်မှာ ဒါတွေပြင်ဆင်ဖို့နဲ့ပတ်သက်ပြီး မစဉ်းစားနိုင်သေးပါဘူး" လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။     ။


Photo : AFP

နိုဝင်ဘာ ၁၂ သတင်းများ


ထိုးစစ်များရပ်တန့်ရန် အပစ်ရပ်စာချုပ်တွင်ပါဝင်သူတို့ တောင်းဆို
မြန်မာပြည်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တို့တွင် တပ်မတော်၏ ထိုးစစ်ဆင်နေမှုများကို ချက်ချင်း ရပ်တန့်ပေးရန် တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင် လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များက နိုဝင်ဘာ ၈ - ၁ဝ အစည်းအဝေးအပြီးတွင် တောင်းဆိုလိုက်သည်။
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ရန်လည်း ၎င်းတို့က တောင်းဆိုသည်။ (ကိုးကား - 7Day Daily)

အစိုးရသစ်နှင့် လက်တွဲမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော
ရွေးကောက်ပွဲလွန်ကာလတွင် "အစိုးရသစ်နှင့်လက်တွဲ၍ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်"ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  နိုဝင်ဘာ ၁၁ ရက်နေ့ တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီ အစည်းအဝေးတွင် ပြောလိုက်သည်။
မည်သည့်အစိုးရတက်သည်ဖြစ်စေ  အခြေခံဥပဒေ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ ထာဝရငြိမ်းချမ်းရေး၊ Standard Army ဖြစ်စေရန် တပ်တည်ဆောက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောလိုက်သည်။ (ကိုးကား - မြဝတီ)

နိုင်ကျဉ်းလွှတ်ရေး အစာငတ်ခံဆန္ဒပြသူကို ၉ ရက်အကြာတွင် ဆေးရုံပို့ရ
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် သာယာဝတီထောင်တွင် အစာငတ်ခံဆန္ဒပြနေသူများထဲမှ တစ်ဦးဖြစ်သူ  ကိုဖြိုးဓနချစ်လင်းသိုက်၏  ကျန်းမာရေးအခြေအနေ စိုးရိမ်ရသဖြင့်   နိုဝင်ဘာ ၁၁ ရက်တွင် ဆေးရုံတင်လိုက်ရသည်။
၉ ရက်ကြာ  ဆန္ဒပြပြီးနောက် သာယာဝတီခရိုင်ဆေးရုံသို့ ဦးစွာ ရောက်ရှိပြီး နောက်ပိုင်းတွင်  ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုနေ့က သာယာဝတီမြို့နယ်တရားရုံးသို့ ရောက်လာသော ဆန္ဒပြသူတို့ တွေ့ဆုံခဲ့သည့် အထင်ကရ နိုင်ငံရေးသမား ဒေါက်တာညိုညိုသင်းက  အစာငတ်ခံဆန္ဒပြနေသူများထဲတွင် ကျန်းမာရေး အခြေအနေ  ဆိုးရွားနေသူများ ပါဝင်သည်ဟု ပြောသည်။
 သာယာဝတီ၊ မြင်းခြံထောင်တို့တွင်  အစာငတ်ခံ ဆန္ဒ ပြတောင်းဆိုနေသူ ၁၅ ဦးအထိရှိလာသည်ဟု သိရသည်။ (ကိုးကား - 7Day Daily)

နိုဝင်ဘာ ၁၁ သတင်းများ

ရှမ်းပြည်နယ် မိုင်းနောင်မြို့တိုက်ပွဲကြောင့် ဒေသခံ ၂,ဝဝဝ ထွက်ပြေးရ

ရှမ်းပြည်နယ် မိုင်းနောင်မြို့တွင် အစိုးရတပ်နှင့်  ရှမ်းပြည်တပ်မတော် SSPP/SSA တို့ နိုဝင်ဘာ ၁ဝ နံနက်ပိုင်းက စတင်ပြီး တိုက်ခိုက်ကြသောကြောင့်
မြို့ပေါ်နေပြည်သူ နှစ်ထောင်ကျော် ထွက်ပြေးကြရကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
အစိုးရတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သကဲ့သို့ လေကြောင်းမှ ဗုံးကြဲသည်ဟု SSPP/SSA ပြောခွင့်ရ အရာရှိ ဗိုလ်မှူးကြီးစိုင်းလက ပြောသည်။
တပ်မတော်၏ သတင်းထုတ်ပြန်ချက်တစ်ခုတွင် SSPP/SSA က မိုင်းနောင်မြို့သို့ လာရောက်ပြီး ပြည်သူလူထုကို အကာအကွယ်ယူကာ အစိုးရတပ်နှင့်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့သဖြင့် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ (ကိုးကား - The Voice Daily, The Daily Eleven)

မန္တလေးရေသန့်စက်ရုံတချို့ FDA ထောက်ခံချက်မရှိဘဲ လုပ်ငန်းလည်ပတ်

မန္တလေးမြို့ ရေသန့်စက်ရုံ ၁ဝ ရုံခန့်ကို နိုဝင်ဘာ ၅ ရက်နေ့တွင် စစ်ဆေးရာ အားလုံးနီးပါးမှာ ခွင့်ပြုချက် မပါဘဲ ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြောသည်။
လုပ်ငန်းများမှာ နေရာကျဉ်းပြီး၊ လူနေအိမ်နှင့်တွဲနေသဖြင့် "လုံးဝကို လက်ခံနိုင်စရာ မရှိပါဘူး" ဟု FDA ဒုညွှန်ချုပ် ဒေါက်တာစိန်သောင်းက ပြောသည်။
စက်ရုံများ မှတ်ပုံတင်ပြီး စည်းကမ်းနှင့်အညီ လုပ်ဆောင်ရန် အသိပေးခဲ့ပြီး ဈေးကွက်အတွင်း ဆက်လက် ဖြန့်ချိသည်ကို တွေ့ရှိပါက အရေးယူမည်ဟု ဆိုသည်။ (ကိုးကား - The Daily Eleven)


အနိုင်ရပါတီကြောင့် စီးပွားရေးတိုးတက်လာနိုင်

ရွေးကောက်ပွဲအနိုင်ရပါတီသည် အနောက်နိုင်ငံတို့၏မဟာမိတ်ဖြစ်သည့်အတွက် မြန်မာ့စီးပွားရေး ပိုမိုတိုးတက်လာနိုင်ကြောင်း ပညာရှင်တို့က သုံးသပ်လိုက်သည်။
အမေရိကန်နှင့်ဥရောပနိုင်ငံများက မြန်မာပြည် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကူညီမည်ဟု ကြေညာသောကြောင့် စီးပွားရေး ပိုကောင်းလာမည်ဟု မျှော်လင့်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
အစိုးရသစ်တက်လာလျှင် မူဝါဒအပြောင်းအလဲ လုပ်ဆောင်နိုင်မည် ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်း ကျဆင်းပြီး အခြေခံလူတန်းစားတို့ ပြေလည်မည်ဟု သူက ခန့်မှန်းသည်။
စီးပွားရေးပညာရှင် ဦးမြင့်ကလည်း "မဟာမိတ်တွေဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေမှာလည်း အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာနိုင်မည်ဟုလည်း ဦးမြင့်က သုံးသပ်သည်။ (ကိုးကား - The Messenger)


နိုဝင်ဘာ ၁ဝ သတင်းများ

မဲလာပေးသူထဲတွင် အမျိုးသမီးအရေအတွက် ပိုများ
မဲပေးသူများထဲတွင် အမျိုးသမီးအရေအတွက် ပိုများကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးနောက်တစ်နေ့တွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
မဲပေးခွင့်ရှိသူများထဲမှ ၈ဝ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့သောကြောင့် လူထုစိတ်ဝင်စားမှု အားကောင်းသော ရွေးကောက်ပွဲဖြစ်သည်ဟု အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းက သုံးသပ်သည်။ (ကိုးကား - Democracy Today)

ကျိုင်းတုံကြိုတင်မဲများ တစ်ဦးတည်းက ပေးခဲ့ကြောင်း NLD စွပ်စွဲ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရရှိသော ကြိုတင်မဲများအနက် ၂,ဝဝဝ ကျော်မှာ တစ်ဦးတည်းက အမှန်ခြစ်ထားခြင်းဖြစ်သောကြောင့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု ထိုမဲဆန္ဒနယ်မှ NLD  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီလာဝင်းက ပြောသည်။ အများစုမှာ စစ်တပ်မှလာသော ကြိုတင်မဲများဖြစ်ပြီး အသုံးပြုထားသည့်မင်မှာ တစ်ပုံစံတည်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့ကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ထိုစွပ်စွဲချက်များအတိုင်း မဲပေးထားသည်ဟု စစ်ဆေးတွေ့ရှိပါက ပယ်မဲအဖြစ် သတ်မှတ်မည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံတွင် မဲပေးနိုင်သူ ၁၁၂,ဝဝဝ  နီးပါးရှိပြီး လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး ယှဉ်ပြိုင်ခဲ့သည်။ (ကိုးကား - The Voice Daily)

စစ်ဝတ်စုံကို Facebook တွင် သရော်သည်ဟု စွပ်စွဲခံရသည့်ကျောင်းသူ အာမခံ မရ

တပ်မတော်ဝတ်စုံသစ်ကို Facebook တွင် သရော်သည်ဟုစွပ်စွဲခံရသူ မအူပင်နည်းပညာတက္ကသိုလ်မှ မချောစန္ဒီထွန်း၏ အာမခံလျှောက်ထားချက်ကို မအူပင်မြို့နယ် တရားရုံးက နိုဝင်ဘာ ၉ ရက်နေ့တွင် ပယ်ချလိုက်သည်။ မိခင်ဖြစ်သူ ဒေါ်စန္ဒာကျော်က ဥပဒေကြောင်းအရ တရားမျှတမှုကို လိုလားကြောင်း၊ အလားတူအမှုမျိုးနှင့် တရားစွဲခံရသော ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းမှာ အာမခံ ရခဲ့ကြောင်း ပြောပြသည်။  (ကိုးကား - The Voice Daily)

နိုဝင်ဘာ ၆ သတင်းများ

ကျောက်မီးသွေးတူးသည့်ကုမ္ပဏီကို ထားဝယ်ဒေသခံတို့ ဟန့်တား
ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသရှိ ကျောက်မီးသွေးစီမံကိန်းနေရာအတွင်း   East Star ကုမ္ပဏီကို နိုဝင်ဘာ ၄ ရက်နေ့က ဒေသခံတို့က ဟန့်တားလိုက်ပြီး စက်ယန္တရားသော့များကို  သိမ်းဆည်းလိုက်သည်။
အောက်တိုဘာလအတွင်း  သတ္ထုတွင်းဝန်ကြီးဌာနနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်က အဆိုပါ စီမံကိန်းကို မေဖလားဝါး ကုမ္ပဏီကသာ လုပ်ပိုင်ခွင့်ရှိကြောင်း အသိပေးခဲ့ကြောင်း၊  East Star ကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်နေမှုနှင့် ပတ်သက်ပြီး အာဏာပိုင်တို့   ဖြေရှင်းပေးစေလိုကြောင်း  ဘန်းချောင်းဒေသခံ စောတင်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် တိမ်းရှောင်နေရ

အစိုးရတပ်က  ရှမ်းပြည်တပ်မတော် SSPP/SSA ကို   ထိုးစစ်ဆင်နေမှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံ၊ မိုင်းရှူး မြို့နယ်များရှိ စာသင်ကျာင်း ၁၄ ကျောင်း ပိတ်ထားရပြီး   မူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် စစ်ဘေးရှောင်ပြေးလွှားနေရကြောင်း ဒေသခံများက ဆိုသည်။

နိုဝင်ဘာ ၃ ရက်နေ့က မိုင်းနောင်ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လီဆူးတိုင်းရင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SSPP/SSA ဘက်မှ ဗိုလ်မှူးကြီး သက်ထွန်းက ပြောသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အဖွဲ့က စစ်ဘေးရှောင် ၆,ဝဝဝ ကျော်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး  မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉ဝဝ ကျော်၊ ဟုမ့်ယင်ဘုန်းကြီးကျောင်း၊ ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁ ရှိ ဆေးမျိုးများထံတွင် ခိုလှုံနေသူ ၄၈ဝ၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၃ဝဝ၊ မိုင်းနောင်မြို့နယ် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၈ဝ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅ဝ နှင့် ကျေးသီးမြို့နယ်တွင် ဝမ့်ဟိုင်းရွာသူရွာသားများ ၂,ဝဝဝ နီးပါး ရောက်ရှိခိုလှုံနေကြောင်း ၎င်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။ (ကိုးကား -  Daily Eleven)

ကိုကိုကျွန်းတွင် ကြိုတင်မဲလက်မှတ် ၁၈ဝ ကို တပ်မတော်အရာရှိက မဲရုံပြင်ပသို့ ယူသွားမှု NLD ကန့်ကွက်

ကိုကိုးကျွန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ မဲရုံမှ မဲလက်မှတ်များကို အမှတ် ၁၇၊ ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး စိုင်းသက်နိုင်က တပ်မတော်သားမိသားစုများ မဲပေးရန်ဟုဆိုကာ မဲရုံပြင်ပသို့ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ယူသွားမှုကို ကန့်ကွက်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ နည်းဥပဒေအရ ကြိုတင်မဲပေးရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲ နေ့မဲပေးရာတွင်လည်းကောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ထားသော မဲရုံများ ပြင်ပသို့ မဲလက်မှတ်များကို ယူဆောင်သွားခွင့်မရှိကြောင်း ပြဌားန်ထားသည်။
ယင်းကိစ္စနှင့် ပက်သက်ပြီး ကိုကိုးကျွန်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ဇော်ထံ သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပထမအကြိမ်ဖုန်းခေါ်စဉ်က လက်ခံဖြေကြားခဲ့သော်လည်း အဆိုပါ မဲ ၁၈ဝ ကိစ္စမေးမြန်းခဲ့ရာတွင် ဖုန်းချက်ချင်းချခဲ့ပြီးနောက် ထပ်မံခေါ်ဆိုရာ ဖုန်းပိတ်ခဲ့သည်။ (ကိုးကား -  The Voice Daily)

နိုဝင်ဘာ ၅ သတင်းများ

ရှမ်းနှင့်ရခိုင်ပါတီတို့  ရွေးကောက်ပွဲအလွန်တွင် NLD နှင့် ပူးပေါင်းဆောင်ရွက်လို

ရွေးကောက်ပွဲအလွန် ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ်ရေးတို့ အတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီတို့က  နိုဝင်ဘာ ၄ ရက်နေ့တွင် ရန်ကုန်တွင် ပြောလိုက်သည်။
ဖက်ဒရယ်စနစ်ကိုထောက်ခံသည့် မည်သည့်အဖွဲ့ အစည်းနှင့်မဆို ပူးပေါင်းလိုကြောင်း၊ လတ်တလောတွင်မူ  တိုင်းရင်းသားများဘက်မှ ပူးပေါင်းနိုင်သည့် အဖွဲ့အနေဖြင့် NLD တစ်ခုတည်းသာရှိကြောင်း  ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကပြောသည်။ (ကိုးကား - The  Daily Eleven)

ရန်ကုန်အရက်ဆိုင်နှင့် KTV များ ရွေးကောက်ပွဲကြောင့်၂ ရက်ပိတ်ရမည်

 နိုဝင်ဘာ ၈ ရွေးကောက်ပွဲနေ့နှင့် မဲမထည့်မီဆိတ်ငြိမ်ကာလ အဖြစ်သတ်မှတ်ထားသော နိုဝင်ဘာ ၇ တို့တွင် အရက်ဘီယာ ရောင်းချခြင်းမပြုနိုင်ရန် အရက်ဆိုင်၊ နိုက်ကလပ်၊  KTV များ ပိတ်ထားရန် အမိန့်ထုတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ထံမှသိရသည်။
ကုန်စုံဆိုင်များတွင်လည်း  ထို ၂ ရက်အတွင်း   အရက်ဘီယာ ရောင်းချခွင့် မရှိဟု ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး ကျော်ထွဋ်ကပြောကြားသည်။ (ကိုးကား - The Voice Daily)

တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူမှု ၂၆ ခု ရှိ

တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရမှုမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ၆၅ ရက်အတွင်း ၂၆ မှု ရှိကြောင်း၊ ထိုအမှုဖြစ်စဉ်တို့တွင် ဗုဒ္ဓဘာသာဝင်များသာ  ပါဝင်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ဥပဒေ ပုဒ်မှ ၁၃ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် အများဆုံး ၇ နှစ်အထိ ချမှတ်သည်။ (ကိုးကား - The Messenger Daily)

နိုဝင်ဘာ ၄ သတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို UWSA ဖိတ်ခေါ်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လိုပြီး  ဝ အထူးဒေသသို့ ဖိတ်ခေါ်လိုကြောင်း  ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ရှောက်မင်လျှံက နိုဝင်ဘာ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အစိုးရနှင့်အပစ်ရက်စာချုပ် မချုပ်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ  ညီလာခံအပြီးတွင် ပြောကြားလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ပါက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်လျှင် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ (ကိုးကား - The Daily Eleven)

နိုင်ကျဉ်းလွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြသူ ၇ ဦးရှိ

နိုင်ငံရေးအကျဉ်းသားများကို  ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် အကျဉ်းထောင်အတွင်း အစာငတ်ခံပြီး တောင်းဆိုဆန္ဒပြနေသော ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သူ  ကျောင်းသားဦးရေမှာ နိုဝင်ဘာ ၃ရက်နေ့တွင် ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
 ၁၁ ရက်မြောက် ဆန္ဒပြနေသော ကိုအောင်မှိုင်းဆန်းသည်  သာယာဝတီထောင် ဆေးရုံတွင် ရောက်နေသည်ဟု သိရသည်။
ဤအတောအတွင်း တိမ်းရှောင်နေသော ဗမာနိုင်ငံလုံးဆိုင်ရာ  ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကိုကို မကြာသေးမီက ရန်ကုန်တွင် ဖမ်းဆီးခံလိုက်ရသည်။ (ကိုးကား - The Daily Eleven)

စစ်ရေးကိစ္စ  မြန်မာ၊ တရုတ် အစိုးရတို့ ညှိနှိုင်းပေးရန် သူပုန်အဖွဲ့များတိုက်တွန်း

ရှမ်းနဲ့ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးပဋိပက္ခများအတွက် မြန်မာနှင့်တရုတ် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းပြီး  အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန်  နှစ်နိုင်ငံအစိုးရကိုတိုက်တွန်းသည်ဟု  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ  ညီလာခံက ဆုံးဖြတ်လိုက်သည်။

ဒေသတွင်း တိုက်ပွဲများသည် နယ်စပ်ရှိ ဒေသခံတို့၏အကျိုး၊ တရုတ်နိုင်ငံ၏ စီးပွားရေးတို့နှင့် ဆက်စပ် ပတ်သက်နေသဖြင့် ထိုသို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု
 ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျှံက ပြောသည်။  (ကိုးကား - 7Day Daily)

နိုဝင်ဘာ ၃ သတင်းများ


SSA နှင့်တိုက်နေသောဒေသတွင် စစ်ဘေးဒုက္ခသည် ၆,ဝဝဝ ကျော် ရှိလာ

အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အဆက်မပြတ် တိုက်ခိုက်နေကြသော ရှမ်းပြည်နယ် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီးမြို့များတွင်  စစ်ဘေးဒုက္ခသည် အရေအတွက် နေ့စဉ် တိုးလာကြောင်း ဒေသခံတို့က ပြောသည်။ အရေအတွက် ၆,ဝဝဝ ကျော် ရှိလာကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နန်းကောင်ခမ်းက ပြောသည်။
ထိုဒေသများတွင် မိုးရွာနေသဖြင့် ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားနေသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)

အိန္ဒိယရောက် မြန်မာရေလုပ်သား ၁၅၈ ဦး ပြန်လည်လွတ်မြောက်
အိန္ဒိယတွင် အကျဉ်းကျနေသော မြန်မာရေလုပ်သား ၁၅၈ ဦး နှစ်နိုင်ငံညှိနှိုင်းမှုများအရ ပြန်လည်လွတ်မြောက်လာပြီး တနင်္လာနေ့က ရန်ကုန်သို့ ရောက်ရှိလာသည်။
 ရေလုပ်သား ၈၅ ဦး ကျန်ရှိနေပြီး အင်္ဂါနေ့တွင် ဒုတိယအသုတ်အဖြစ် ဆက်လက်ခေါ်ယူမည်ဟု သိရသည်။
တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ဒေသများမှ ရေလုပ်သားများသည် မုန်တိုင်းမိခြင်း၊ စက်လှေချွတ်ယွင်းခြင်း စသည့် အချက်များကြောင့် ရေပိုင်နက်မှားယွင်းရောက်ရှိသွားပြီး ထိန်းသိမ်းအကျဉ်းချခံရသူများဖြစ်သည်။ (ကိုးကား - မြန်မာ့အလင်း)

ရွေးကောက်ပွဲစောင့်ကြည့်သူ တစ်သောင်းကျော်ရှိ
၂၀၁၅ ရွေးကောက်ပွဲကို  ပြည်တွင်းပြည်ပမှ လေ့လာစောင့်ကြည့်သူ တစ်သောင်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
 ပြည်တွင်းအဖွဲ့များမှ ၉,၄၀၆ ဦး၊ ပြည်ပအဖွဲ့များမှ ၁,၁၁၈ ဦး၊ သံရုံးများမှ ၄၇၀၊ ပြည်ပသတင်းဌာနများမှ ၂၉၁ ဦးကို စောင့်ကြည့်ရန် ခွင့်ပြုထားသည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)

နိုဝင်ဘာ ၂ သတင်းများ

အကျဉ်းသားလွတ်မြောက်ရေး ရန်ကုန်တွင် ဆန္ဒပြ

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖမ်းဆီးခံရသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသားများလွတ်မြောက်ရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များဦးဆောင်သော လူအင်အား ၃ဝ ခန့်က နိုဝင်ဘာ ၁ ရက်နေ့တွင်  ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး လမ်းလျှောက်ဆန္ဒပြကြသည်။ ယခုဆန္ဒထုတ်ဖော်မှုသည် ခွင့်ပြုချက်ယူ၍လုပ်ဆောင်ခြင်း မဟုတ်သောကြောင့် ဥပဒေအရအရေးယူမည်ဟု ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို သတိပေးခဲ့သည်။ (ကိုးကား - Daily Eleven)

မဲဆွယ်မှုများ နိုဝင်ဘာ ၆ သန်းခေါင်ယံတွင် အဆုံးသတ်ရန် ရွေးကော် ဆော်သြ 

 မဲဆွယ်လှုပ်ရှားမှုများအားလုံး  နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီ သန်းခေါင်ယံအချိန်တွင် ရပ်ဆိုင်းရန်၊ မဲဆွယ်ပိုစတာအားလုံးဖြုတ်သိမ်းရန် ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများကို ညွှန်ကြားထားကြားသည်။ ဖြုတ်သိမ်းခြင်းမရှိသော ပိုစတာများကို  သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် စည်ပင်သာယာဌာနတို့က ဖယ်ရှားမည်ဖြစ်ပြီး  ကုန်ကျစရိတ်ကို ထိုမဲဆန္ဒနယ်မြေရှိ ကိုယ်စားလှယ်လောင်းများက ကျခံရမည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)

ကြိုတင်မဲကို အမှန်ခြစ်နှင့် တံဆိပ်တုံး ၂ မျိုးလုံးအသုံးပြု၍ထည့်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ကြိုတင်မဲများပေးရာ အမှန်ခြစ်နှင့် တံဆိပ်တုံးထုနှိပ်သည့် နှစ်မျိုးလုံးအား အသုံးပြုလျက်ရှိသည်။ ကြိုတင်မဲပေးရာတွင်   ဘောပင်ဖြင့် အမှန်ခြစ်၍ မဲဆန္ဒပြုရန်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း  တံဆိပ်တုံးနှိပ်သည့် စနစ်ကို အသုံးပြုခြင်းမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အရဖြစ်ကြောင်း  ပုသိမ်မြို့ရှိ ရပ်ကွက်ကော်မရှင်အတွင်းရေးမှူးတစ်ဦးက ဆိုသည်။ နိုဝင်ဘာ ၆ ရက်နေ့ထိ အရေးပေါ်ခရီးသွားလာရသူများ၊  ကျန်းမာရေး မကောင်းသူများ၊ ဝန်ထမ်းများကို ကြိုတင်မဲထည့်ခွင့်ပြုထားသည်။ (ကိုးကား - The Voice)