ဖားကန့် မြေစာပုံပြိုကျမှု သေဆုံးသူ ၁ဝဝ ကျော်ထိရှိလာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂၁ ရက်နေ့က အမြင့်ပေ ၁,ဝဝဝ ရှိ စွန့်ပစ်မြေစာပုံ ပြိုကျရာ ရေမဆေးကျောက်ရှာသူများ၊ ၄င်းတို့မိသားစုဝင်များ မြေစာပိ၍သေဆုံးခဲ့သည်။ သေဆုံးသူအရေအတွက် အချိန်နှင့်အမျှပြောင်းလဲလျက်ရှိပြီး နိုဝင်ဘာ ၂၂ ရက်နေ့က ရရှိသော သတင်းများအရ ရုပ်အလောင်း ၁ဝ၅ ခု ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့်နေရာတွင် လူမှုရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်နေသည်။ (ကိုးကား - 7Day Daily)
မူးယစ်ဆေးသုံးမှုသံသယဖြင့် ကျောင်းသားအများအပြားကို ယာယီထိန်းသိမ်း
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကျေးလက်ဒေသတစ်ခုရှိ လက်နက်ကိုင်အစောင့်ချပြီး မူးယစ်ဆေး လက်လီလက်ကားရောင်းချသည်ဟု ထင်ရှားသည့်နေရာကို ရဲတပ်ဖွဲ့က ဝင်ဘာ ၂၁ နေ့ခင်းပိုင်းက ဝင်ရောက် စီးနင်းပြီး မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲသူဟု သံသယဖြစ်ခံရသည့် လူငယ် ၁၅ ဦးကို ထိန်းသိမ်းလိုက်သည်ဟု သိရသည်။
ထိုလူငယ်များထဲတွင် အထက်တန်းကျောင်း၊ တက္ကသိုလ်တက်နေသူ အများအပြား ပါဝင်ပြီး ၎င်းတို့ကို ထိုညနေပိုင်းတွင် ပညာပေးဟောပြောကာ မိသားစုများထံ ပြန်လည်အပ်နှံလိုက်သည်ဟု သိရသည်။
မူးယစ်ဆေးရောင်းသူ ၂ ဦး ဖမ်းဆီးရမိပြီး ၂ ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ (ကိုးကား - Democracy Today)
ရဲစခန်းတွင် တိုင်ကြားရသော နောက်ဆုံးနေ့၌ ပြည်ခိုင်ဖြိုးက NLD ကို အများဆုံးအမှုဖွင့်ထား
နိုဝင်ဘာ ၈ မှ ၂၂ အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးပါတီအချင်းချင်းတိုင်ကြားမှု ၅၈ မှုထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားမှုက အများဆုံးဖြစ်သည်။
အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကို တိုင်ကြားခြင်းမဟုတ်ဘဲ ပါတီနှင့် ဆက်စပ်သော အမှုများဖြစ်ကြောင်း သက်ဆိုင်ရာ ရဲဌာနများထံမှ သိရသည်။
ရွေးကောက်ပွဲအတွင်းဖြစ် ပွားခဲ့သော ပြဿနာများအနက် ရဲအရေးပိုင်သောပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ကြောင်း သတ်မှတ်ထားသည်။ (ကိုးကား - 7Day Daily)