တိုက်ပွဲများကြောင့် အစိုးရပုံရိပ်ထိခိုက်ဟု SNLD ဝေဖန်
ရှမ်း၊ ကချင်ဒေသတို့တွင် တိုက်ပွဲပြင်းထန်နေခြင်းသည် လက်ရှိအစိုးရ နောက်ဆုံးကာလများ၏ ပုံရိပ်ဆိုးဖြစ်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောလိုက်သည်။
နိုင်ငံရေးဆွေးနွေးပွဲများအတွက် တပ်မတော်က ထိုးစစ် ရပ်သင့်ကြောင်း၊ တိုက်ပွဲဆက်ဖြစ်နေပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ထိခိုက်မည်ဖြစ်ကြောင်း SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လတ်တလောတိုက်ပွဲများနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ရန် သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - The Daily Eleven)

ရှမ်းပြည်နယ်၊ လဲချားတွင် ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံး
လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်၊ အမျိုးသမီးတို့ အပါအဝင် အပြစ်မဲ့ပြည်သူများထိခိုက်မှု
ဆက်တိုက်ဖြစ်ပွားလျက်ရှိသော မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပေါက်ကွဲစေသည့် ကိရိယာတစ်ခုကြောင့် ရှမ်းပြည်နယ် လဲချားမြို့နယ်မှ ၈ နှစ် နှင့် ၁၃ နှစ်အရွယ် မိန်းကလေး နှစ်ဦး သေဆုံးသွားသည့်အတွက် များစွာ ဝမ်းနည်း၊ စိုးရိမ်ပူပန်ကြောင်း ယူနီဆက်အဖွဲ့က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကြေညာလိုက်သည်။
မြေမြှုပ်မိုင်းအသုံးပြုခြင်း လုံးဝ ရပ်ဆိုင်းရန်၊ ကလေးငယ်များရှိသည့်နေရာများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ပေးရန် လက်နက်ကိုင်အဖွဲ့များကိုတောင်းဆိုကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးကော်မရှင် လွတ်လပ်မှု ရှိသင့်ကြောင်း Forum-Asia ထောက်ပြ
နိုင်ငံတွင် အကြီးအကျယ်ဖြစ်ပွားနေသော မြေသိမ်း၊ ယာသိမ်းအမှုများကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုင်တွယ်ခြင်းမရှိသည့်အတွက် အာရှဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သည့် Forum-Asia က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဝေဖန်လိုက်သည်။
လေးနှစ်သက်တမ်းရှိလာပြီဖြစ်သော ထိုကော်မရှင်၏ လုပ်ငန်းများ လွတ်လပ်စွာ အကောင်အထည်ဖော်မှုနှင့် ပတ်သက်ပြီး သံသယ ဝင်မိသည်ဟုလည်း လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အကူအညီပေးနေသော Forum-Asia အဖွဲ့က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။ ထိုအဖွဲ့က ကော်မရှင်၏ လုပ်ငန်းများကို ၃ ရက်ကြာ လေ့လာခဲ့သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)

ကြိုတင်မဲ နှစ်ကြိမ်ပေးသော ရဲအရာရှိကို အမှုဖွင့်
ရန်ကုန်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ဆန်းဝင်းကို ကြိုတင်မဲ နှစ်ကြိမ်ပေးမှုဖြင့် ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် အမှုဖွင့်လိုက်ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်နေ့က ရပ်ကွက်မဲရုံတွင် မဲပေးပြီး နှစ်ရက်အကြာ သင်တန်းကျောင်းသို့ရောက်စဉ် သင်တန်းသားအားလုံး ကြိုတင်မဲထည့်ရမည်ဟု သင်တန်းမှူးက ပြောဆိုသဖြင့် ဆူပူခံရမည်ကို စိုးရိမ်ပြီး မဲထပ်ပေးခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉ (ဆ) ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားလျှင် ၁ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်သော အမှု ဖြစ်သည်။ (ကိုးကား - The Voice Daily)