ကဗျာဆရာ မောင်ဆောင်းခကို စတင်ရုံးထုတ်
သမ္မတကြီး ဆိုသော စကားရပ်ပါရှိသည့် ကဗျာတစ်ပုဒ် Facebook တွင် ရေးသားမှုဖြင့် လဆန်းပိုင်းတွင် ထိန်းသိမ်းခံရသူ ကိုစည်သူအောင် ခေါ် ကဗျာဆရာ မောင်ဆောင်းခကို အီလက်ထရွန်းနစ်ဥပဒေ ချိုးဖောက်မှု စွဲချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၁၉ ရက်နေ့က စတင်စစ်ဆေးသည်။
ထိုအမှုသည် ပြစ်မှုထင်ရှားပါက ငွေဒဏ်အပြင် ထောင်ဒဏ် ၃ နှစ်ထိချမှတ်ခံရနိုင်သောအမှုဖြစ်သည်ဟု သူ၏ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
အမှုကို နိုဝင်ဘာ ၂၇ တွင် ထပ်မံကြားနာမည်ဖြစ်သည်။ (ကိုးကား - Messenger)
စစ်ဖြစ်နေသည့် SSA မြောက်ပိုင်းအဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံမည်
တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသော ရှမ်းပြည်တပ်မတော် SSPP/SSA က အစိုးရတာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရန် နေပြည်တော်တွင် တွေ့ဆုံရန် သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုများအရှိန်လျော့ကျစေရန် ဒုသမ္မတ၊ ဒေါက်တာစိုင်းမောက်ခမ်း၊ သမ္မတရုံးဝန်ကြီး ဦးသိန်းဇော်တို့ကို စာပေါင်းမြောက်များစွာပို့ခဲ့ကြောင်း၊ ဆွေးနွေးပွဲတွင် လက်ရှိတိုက်ပွဲများနှင့် ပတ်သက်ပြီး အဖြေရှာရေး အဓိကဦးတည်သွားမည်ဖြစ်ကြောင်း SSA အဖွဲ့၏ ဗဟိုကော်မတီဝင် ဦးစိုင်းနော်လိုက်ခ်က ပြောသည်။ တိုက်ပွဲများကြောင့် လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်စွန့်ပစ်ထွက်ပြေးခဲ့ကြသည်။ (ကိုးကား - Myanmar Times)
တပ်မတော်နှင့် KIA တိုက်ပွဲများကြောင့် မိုးညှင်းမှကျောင်းများ ပိတ်ထား
ကချင်ပြည်နယ်မိုးညှင်းမြို့အနီး တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲပြင်းထန်လာ၍ မြို့ပေါ်ရှိကျောင်းများပိတ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ပွဲအနီး ဒေသခံတို့ မြို့ထဲသို့လာရောက်ခိုလှုံသူ အများအပြား ရှိကြောင်း ကချင်နှစ်ခြင်းအသင်းတော်က ပြောသည်။
နိုဝင်ဘာ ၁၅ မှ အစပြုခဲ့သော တိုက်ပွဲများသည် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပိုမို ပြင်းထန်လာသည်။ (ကိုးကား - The Voice)