KIA ကို ဆက်တိုက်မည်
ကချင်ပြည်နယ်၊ မိုညှင်းမြို့ အရှေ့တောင်ဘက် ၃ မိုင်အကွာရှိ KIA စခန်းတစ်ခုကို သိမ်းဆည်းလိုက်ပြီး KIA အဖွဲ့ကို ဆက်လက်၍ "တိုက်ခိုက်ချေမှုန်းသွားမည်"ဟု တပ်မတော်သတင်းဌာန မြဝတီက နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
နိုဝင်ဘာ ၁၅ ရက်နေ့ စခန်းသိမ်းပိုက်ပွဲတွင် တပ်မတော်ဘက်မှ ကျဆုံး ဒဏ်ရာရကြောင်း၊ တိုက်ပွဲအစကပင် မိုးညှင်းအနီး အမြောက်စခန်းများက ပစ်ကူ တိုက်ခိုက်ကြောင်း၊ နောက်တစ်နေ့တွင် လေတပ်အင်အား သုံးခဲ့ကြောင်း သိရသည်။ (ကိုးကား - မြဝတီ)
ထောင်တွင်းအစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း
အကျဉ်းသားလွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေကြခြင်းကို အစိုးရသစ်ထံ အာဏာလွှဲပြောင်းချိန်အထိ ရပ်နားကြောင်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကြေညာလိုက်သည်။
ရွှေဝါရောင်သံဃာများ၊ အရပ်ဘက်အဖွဲ့များ၏ မေတ္တာရပ်ခံမှုကြောင့် ၂၆ ရက် ပြည့်သည့်နေ့တွင် ရပ်နားခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးအချိန်တွင် ဆန္ဒပြနေသူ ၇ ဦး ရှိသည်။ (ကိုးကား - 7Day Daily)
ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို သုံးဦးပါခုံရုံးဖြင့် စစ်ဆေးမည်
ရွေးကောက်ပွဲရလဒ်ဆိုင်ရာ တိုင်ကြားချက်များကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦး၊ ဥပဒေပညာရှင် နှစ်ဦးပါဝင်သည့် ခုံရုံးက စစ်ဆေးမည်ဖြစ်ပြီး ခုံရုံးအဆုံးအဖြတ်ကို မကျေနပ်ပါက နောက်ဆုံးအဆင့်အဖြစ် ၁၅ ရက်အတွင်း ကော်မရှင်ထံ အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်စာရင်းကြေညာပြီး ၄၅ ရက်အတွင်း ကော်မရှင်သို့ ကျပ်ငါးသိန်းသွင်းကာ တိုင်ကြားနိုင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်းကလည်းကောင်း၊ မဲဆန္ဒရှင်ကလည်းကောင်း ကန့်ကွက်တိုင်ကြားနိုင်ကြောင်း ရွေးကောက်ပွဲဥပဒေများ၌ ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)