SSA နှင့်တိုက်နေသောဒေသတွင် စစ်ဘေးဒုက္ခသည် ၆,ဝဝဝ ကျော် ရှိလာ
အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် SSPP/SSA တို့ အဆက်မပြတ် တိုက်ခိုက်နေကြသော ရှမ်းပြည်နယ် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီးမြို့များတွင် စစ်ဘေးဒုက္ခသည် အရေအတွက် နေ့စဉ် တိုးလာကြောင်း ဒေသခံတို့က ပြောသည်။ အရေအတွက် ၆,ဝဝဝ ကျော် ရှိလာကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်နန်းကောင်ခမ်းက ပြောသည်။
ထိုဒေသများတွင် မိုးရွာနေသဖြင့် ကျန်းမာရေးပြဿနာများလည်း ဖြစ်ပွားနေသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
အိန္ဒိယရောက် မြန်မာရေလုပ်သား ၁၅၈ ဦး ပြန်လည်လွတ်မြောက်
အိန္ဒိယတွင် အကျဉ်းကျနေသော မြန်မာရေလုပ်သား ၁၅၈ ဦး နှစ်နိုင်ငံညှိနှိုင်းမှုများအရ ပြန်လည်လွတ်မြောက်လာပြီး တနင်္လာနေ့က ရန်ကုန်သို့ ရောက်ရှိလာသည်။
ရေလုပ်သား ၈၅ ဦး ကျန်ရှိနေပြီး အင်္ဂါနေ့တွင် ဒုတိယအသုတ်အဖြစ် ဆက်လက်ခေါ်ယူမည်ဟု သိရသည်။
တနင်္သာရီ၊ ဧရာဝတီ၊ ရခိုင်ဒေသများမှ ရေလုပ်သားများသည် မုန်တိုင်းမိခြင်း၊ စက်လှေချွတ်ယွင်းခြင်း စသည့် အချက်များကြောင့် ရေပိုင်နက်မှားယွင်းရောက်ရှိသွားပြီး ထိန်းသိမ်းအကျဉ်းချခံရသူများဖြစ်သည်။ (ကိုးကား - မြန်မာ့အလင်း)
ရွေးကောက်ပွဲစောင့်ကြည့်သူ တစ်သောင်းကျော်ရှိ
၂၀၁၅ ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှ လေ့လာစောင့်ကြည့်သူ တစ်သောင်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။
ပြည်တွင်းအဖွဲ့များမှ ၉,၄၀၆ ဦး၊ ပြည်ပအဖွဲ့များမှ ၁,၁၁၈ ဦး၊ သံရုံးများမှ ၄၇၀၊ ပြည်ပသတင်းဌာနများမှ ၂၉၁ ဦးကို စောင့်ကြည့်ရန် ခွင့်ပြုထားသည်ဟု ဆိုသည်။ (ကိုးကား - မြန်မာ့အလင်း)