ဒေါ်အောင်ဆန်းစုကြည်ကို UWSA ဖိတ်ခေါ်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ဝ အထူးဒေသသို့ ဖိတ်ခေါ်လိုကြောင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ရှောက်မင်လျှံက နိုဝင်ဘာ ၃ ရက်နေ့တွင် ပြောကြားလိုက်သည်။
အစိုးရနှင့်အပစ်ရက်စာချုပ် မချုပ်ရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ ညီလာခံအပြီးတွင် ပြောကြားလိုက်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့ပါက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်လျှင် သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ (ကိုးကား - The Daily Eleven)
နိုင်ကျဉ်းလွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြသူ ၇ ဦးရှိ
နိုင်ငံရေးအကျဉ်းသားများကို ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးရန် အကျဉ်းထောင်အတွင်း အစာငတ်ခံပြီး တောင်းဆိုဆန္ဒပြနေသော ပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်သူ ကျောင်းသားဦးရေမှာ နိုဝင်ဘာ ၃ရက်နေ့တွင် ၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
၁၁ ရက်မြောက် ဆန္ဒပြနေသော ကိုအောင်မှိုင်းဆန်းသည် သာယာဝတီထောင် ဆေးရုံတွင် ရောက်နေသည်ဟု သိရသည်။
ဤအတောအတွင်း တိမ်းရှောင်နေသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌကိုကျော်ကိုကို မကြာသေးမီက ရန်ကုန်တွင် ဖမ်းဆီးခံလိုက်ရသည်။ (ကိုးကား - The Daily Eleven)
စစ်ရေးကိစ္စ မြန်မာ၊ တရုတ် အစိုးရတို့ ညှိနှိုင်းပေးရန် သူပုန်အဖွဲ့များတိုက်တွန်း
ရှမ်းနဲ့ကချင်ပြည်နယ်အတွင်းရှိ စစ်ရေးပဋိပက္ခများအတွက် မြန်မာနှင့်တရုတ် ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့စည်းပြီး အမြန်ဆုံး ညှိနှိုင်းဖြေရှင်းရန် နှစ်နိုင်ငံအစိုးရကိုတိုက်တွန်းသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဝ ဒေသ သုံးရက်ကြာ ညီလာခံက ဆုံးဖြတ်လိုက်သည်။
ဒေသတွင်း တိုက်ပွဲများသည် နယ်စပ်ရှိ ဒေသခံတို့၏အကျိုး၊ တရုတ်နိုင်ငံ၏ စီးပွားရေးတို့နှင့် ဆက်စပ် ပတ်သက်နေသဖြင့် ထိုသို့ ဖိတ်ခေါ်ခြင်း ဖြစ်သည်ဟု
ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျှံက ပြောသည်။ (ကိုးကား - 7Day Daily)