မဲလာပေးသူထဲတွင် အမျိုးသမီးအရေအတွက် ပိုများ
မဲပေးသူများထဲတွင် အမျိုးသမီးအရေအတွက် ပိုများကြောင်း နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက နိုဝင်ဘာ ၈ ရွေးကောက်ပွဲပြီးနောက်တစ်နေ့တွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောသည်။
မဲပေးခွင့်ရှိသူများထဲမှ ၈ဝ ရာခိုင်နှုန်း လာရောက်မဲပေးခဲ့သောကြောင့် လူထုစိတ်ဝင်စားမှု အားကောင်းသော ရွေးကောက်ပွဲဖြစ်သည်ဟု အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်းက သုံးသပ်သည်။ (ကိုးကား - Democracy Today)
ကျိုင်းတုံကြိုတင်မဲများ တစ်ဦးတည်းက ပေးခဲ့ကြောင်း NLD စွပ်စွဲ
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ရရှိသော ကြိုတင်မဲများအနက် ၂,ဝဝဝ ကျော်မှာ တစ်ဦးတည်းက အမှန်ခြစ်ထားခြင်းဖြစ်သောကြောင့် ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာ ပေးပို့ထားသည်ဟု ထိုမဲဆန္ဒနယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီလာဝင်းက ပြောသည်။ အများစုမှာ စစ်တပ်မှလာသော ကြိုတင်မဲများဖြစ်ပြီး အသုံးပြုထားသည့်မင်မှာ တစ်ပုံစံတည်းဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်တို့ကို ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။ ထိုစွပ်စွဲချက်များအတိုင်း မဲပေးထားသည်ဟု စစ်ဆေးတွေ့ရှိပါက ပယ်မဲအဖြစ် သတ်မှတ်မည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပြောသည်။ တြိဂံဒေသတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ကျိုင်းတုံတွင် မဲပေးနိုင်သူ ၁၁၂,ဝဝဝ နီးပါးရှိပြီး လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၅ ဦး ယှဉ်ပြိုင်ခဲ့သည်။ (ကိုးကား - The Voice Daily)
စစ်ဝတ်စုံကို Facebook တွင် သရော်သည်ဟု စွပ်စွဲခံရသည့်ကျောင်းသူ အာမခံ မရ
တပ်မတော်ဝတ်စုံသစ်ကို Facebook တွင် သရော်သည်ဟုစွပ်စွဲခံရသူ မအူပင်နည်းပညာတက္ကသိုလ်မှ မချောစန္ဒီထွန်း၏ အာမခံလျှောက်ထားချက်ကို မအူပင်မြို့နယ် တရားရုံးက နိုဝင်ဘာ ၉ ရက်နေ့တွင် ပယ်ချလိုက်သည်။ မိခင်ဖြစ်သူ ဒေါ်စန္ဒာကျော်က ဥပဒေကြောင်းအရ တရားမျှတမှုကို လိုလားကြောင်း၊ အလားတူအမှုမျိုးနှင့် တရားစွဲခံရသော ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းမှာ အာမခံ ရခဲ့ကြောင်း ပြောပြသည်။ (ကိုးကား - The Voice Daily)