ကျောက်မီးသွေးတူးသည့်ကုမ္ပဏီကို ထားဝယ်ဒေသခံတို့ ဟန့်တား
ထားဝယ်ခရိုင်၊ ဘန်းချောင်းဒေသရှိ ကျောက်မီးသွေးစီမံကိန်းနေရာအတွင်း East Star ကုမ္ပဏီကို နိုဝင်ဘာ ၄ ရက်နေ့က ဒေသခံတို့က ဟန့်တားလိုက်ပြီး စက်ယန္တရားသော့များကို သိမ်းဆည်းလိုက်သည်။
အောက်တိုဘာလအတွင်း သတ္ထုတွင်းဝန်ကြီးဌာနနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်က အဆိုပါ စီမံကိန်းကို မေဖလားဝါး ကုမ္ပဏီကသာ လုပ်ပိုင်ခွင့်ရှိကြောင်း အသိပေးခဲ့ကြောင်း၊ East Star ကုမ္ပဏီ ဝင်ရောက်လုပ်ကိုင်နေမှုနှင့် ပတ်သက်ပြီး အာဏာပိုင်တို့ ဖြေရှင်းပေးစေလိုကြောင်း ဘန်းချောင်းဒေသခံ စောတင်ဦးက ပြောသည်။ (ကိုးကား - 7Day Daily)
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် တိမ်းရှောင်နေရ
အစိုးရတပ်က ရှမ်းပြည်တပ်မတော် SSPP/SSA ကို ထိုးစစ်ဆင်နေမှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံ၊ မိုင်းရှူး မြို့နယ်များရှိ စာသင်ကျာင်း ၁၄ ကျောင်း ပိတ်ထားရပြီး မူလတန်းနှင့် အလယ်တန်း ကျောင်းသားကျောင်းသူ ၁,၂ဝဝ ကျော် စစ်ဘေးရှောင်ပြေးလွှားနေရကြောင်း ဒေသခံများက ဆိုသည်။
နိုဝင်ဘာ ၃ ရက်နေ့က မိုင်းနောင်ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လီဆူးတိုင်းရင်းသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း SSPP/SSA ဘက်မှ ဗိုလ်မှူးကြီး သက်ထွန်းက ပြောသည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF အဖွဲ့က စစ်ဘေးရှောင် ၆,ဝဝဝ ကျော်သွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး မိုင်းရှူးမြို့နယ်၊ ဝမ်ဆော့ဘုန်းကြီးကျောင်းတွင် ၁၉ဝဝ ကျော်၊ ဟုမ့်ယင်ဘုန်းကြီးကျောင်း၊ ကျောင်းစန်းဘုန်းကြီးကျောင်းနှင့် ရပ်ကွက် ၁ ရှိ ဆေးမျိုးများထံတွင် ခိုလှုံနေသူ ၄၈ဝ၊ ဟိုင်းပါ ဘုန်းကြီးကျောင်းတွင် ၁၃ဝဝ၊ မိုင်းနောင်မြို့နယ် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းတွင် ၂၈ဝ၊ တူယားဘုန်းကြီးကျောင်းတွင် ၁၅ဝ နှင့် ကျေးသီးမြို့နယ်တွင် ဝမ့်ဟိုင်းရွာသူရွာသားများ ၂,ဝဝဝ နီးပါး ရောက်ရှိခိုလှုံနေကြောင်း ၎င်းတို့က ကြေညာချက်ထုတ်ပြန်ထားသည်။ (ကိုးကား - Daily Eleven)
ကိုကိုကျွန်းတွင် ကြိုတင်မဲလက်မှတ် ၁၈ဝ ကို တပ်မတော်အရာရှိက မဲရုံပြင်ပသို့ ယူသွားမှု NLD ကန့်ကွက်
ကိုကိုးကျွန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်အတွင်းရှိ မဲရုံမှ မဲလက်မှတ်များကို အမှတ် ၁၇၊ ရေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး စိုင်းသက်နိုင်က တပ်မတော်သားမိသားစုများ မဲပေးရန်ဟုဆိုကာ မဲရုံပြင်ပသို့ နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ယူသွားမှုကို ကန့်ကွက်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ နည်းဥပဒေအရ ကြိုတင်မဲပေးရာတွင်လည်းကောင်း၊ ရွေးကောက်ပွဲ နေ့မဲပေးရာတွင်လည်းကောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက စီစဉ်ထားသော မဲရုံများ ပြင်ပသို့ မဲလက်မှတ်များကို ယူဆောင်သွားခွင့်မရှိကြောင်း ပြဌားန်ထားသည်။
ယင်းကိစ္စနှင့် ပက်သက်ပြီး ကိုကိုးကျွန်းမြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးအောင်ဇော်ထံ သို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ပထမအကြိမ်ဖုန်းခေါ်စဉ်က လက်ခံဖြေကြားခဲ့သော်လည်း အဆိုပါ မဲ ၁၈ဝ ကိစ္စမေးမြန်းခဲ့ရာတွင် ဖုန်းချက်ချင်းချခဲ့ပြီးနောက် ထပ်မံခေါ်ဆိုရာ ဖုန်းပိတ်ခဲ့သည်။ (ကိုးကား - The Voice Daily)