ဆေးပြား ၂၆ သန်း အမှု အဓိကတရားခံဟုယူဆရသူ ၈ ဦး လွတ်နေ
ဇူလိုင်လက ကုန်သေတ္တာယာဉ်တစ်စီးပေါ်မှ ပိုင်ရှင်မဲ့တွေ့ရသည့် စိတ်ကြွဆေးပြား ၂၆ သန်း အမှုတွင် အဓိကတရားခံဟု ယူဆရသူများထဲမှ ၈ ဦးကို ဖမ်းမိခြင်း မရှိသေးဟု ရဲတပ်ဖွဲ့က ပြောသည်။
မူးယစ်ဆေးအမှုနှင့် ပတ်သက်ပြီး သံသယဖြစ်ဖွယ် ၃ ဦးကို စစ်ဆေးနေကြောင်း၊ တိမ်းရှောင်နေသူ ၈ ဦးမှာ ရေလုပ်ငန်းနှင့် ပတ်သက်နေကြောင်း၊ ထိုသူများ နိုင်ငံအတွင်း ရှိမရှိ မသေချာကြောင်း ရဲမှူးကြီး ဇော်မင်းထွန်းက ပြောသည်။ (ကိုးကား - The Messenger)

မောင်တောခရိုင်မှ ကိုယ်စားလှယ်လောင်း ၁၉ ဦး ပယ်ချခံရ
မောင်တော၊ ဘူးသီးတောင်မြို့နယ်တို့တွင် ရွေးကောက်ပွဲဝင်ရန် စာရင်းသွင်းသူများထဲမှ ၁၇ ဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က
သြဂုတ် ၂၉ ရက်နေ့က ပယ်ချလိုက်သည်။ စာရင်းသွင်းသူ စုစုပေါင်း ၅၅ ဦး ရှိရာ သြဂုတ် ၂၂ ရက်နေ့ကလည်း ၂ ဦးကို ပယ်ချပြီးဖြစ်သည်။
ပယ်ချခံရမှု အများစုမှာ မွေးဖွားချိန်တွင် မိဘများ နိုင်ငံသားမဟုတ် ဟူသော အချက်ကြောင့် ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်တွင် ဆန္ဒပြ
အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နေပြည်တော်တွင် ဟောပြောစဉ် ဒေသခံဟုဆိုသူ ၁၅ ဦးက ဆန္ဒပြ ကန့်ကွက်ကြသည်။
ကန့်ကွက်သူတစ်ဦးက မျိုးစောင့်ဥပဒေ ၄ ခုကို NLD က လက်မခံသည့်အချက်ကိုလည်း ထောက်ပြခဲ့သည်။ (ကိုးကား - The Voice Daily)