ရေဘေးသင့်ဒေသတွင် လူကုန်ကူးမှုဖြစ်နိုင်ကြောင်း ရဲမှူးချုပ် သတိပေး
================================
နိုင်ငံအနှံ့ ရေဘေးသင့် ဒေသများတွင် အလုပ်အကိုင်ရှားပါးမှု၊ လူကုန်ကူးမှုတို့နှင့် ရင်ဆိုင်လာရနိုင်သည်ဟု ရဲမှူးချုပ် ဝင်းနိုင်ထွန်းက နေပြည်တော်တွင် သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး သင်တန်းတစ်ခုတွင် ပြောလိုက်သည်။
၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး ဖြစ်ရပ်များကို သင်ခန်းစာယူပြီး ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအချိန်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးလုပ်ငန်း တပါတည်း လုပ်ဆောင်ရမည်ဟု သူက ပြောသည်။ (ကိုးကား - Democracy Today)
အပစ်ရပ်စာချုပ်တွင် အိမ်နီးချင်းသုံးနိုင်ငံ လက်မှတ်ထိုးရေးကို သဘောတူ
=================================
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုသည့်အခါ အသိသက်သေအဖြစ် တရုတ်၊ အိန္ဒိယ၊ ထိုင်း အိမ်နီးချင်းသုံးနိုင်ငံ ပါဝင်လက်မှတ်ထိုးရေးကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ နှင့် အစိုးရတို့ သြဂုတ်လ ၆ ရက်နေ့တွင် သဘောတူလိုက်သည်။
ထိုသုံးနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ကချင်၊ ဝ၊ ကရင်၊ မွန်၊ ချင်း တိုင်းရင်းသား လက်နက်ကိုင်တပ်များ အခြေစိုက်ထားကြသည်။ (ကိုးကား - The Voice Daily)
ရေဘေးရှိသော်လည်း ရွေးကောက်ပွဲ ရွှေ့မည်မဟုတ်ဟု ကော်မရှင် ပြော
==================================
နိုင်ငံအနှံ့ ရေဘေးသင့်နေသော်လည်း ရက် ၉ဝ ခန့် ဝေးကွာနေသေးသည့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စရန်ဟီလီနှင့် သြဂုတ်လ ၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။ (ကိုးကား - မြန်မာ့အလင်း)