သြဂုတ်လ ၁၇ ရက်နေ့ သတင်းများ



ရေဘေးကြောင့် ၁၁၇ ဦး သေဆုံး
=================
 နိုင်ငံအနှံ့ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ အရေအတွက် ၁၁၇ ဦးအထိ ရှိလာသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာ၏ သြဂုတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရေဘေးသင့်သူ အရေအတွက် ၁၅ သိန်းကျော်ရှိနေပြီး အများစုမှာ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေထိုင်သူများ ဖြစ်သည်။ (ကိုးကား -  မြန်မာ့အလင်း)

အမတ်အဖြစ်မှရုပ်သိမ်းခြင်းဥပဒေအတည်ပြုရန် ပါတီအားလုံးညှိနှိုင်းမည်
====================================
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်ရုပ်သိမ်းခြင်း ဆိုင်ရာ ဥဒေကြမ်းအတည်ပြုရန် ပါတီအားလုံးနှင့် သြဂုတ် ၁၈ ရက်နေ့တွင် ညှိနှိုင်းမည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောသည်။
တပ်မတော်သားအများအပြား နေထိုင်သော ဇေယျာသီရိမြို့နယ်မှ မဲဆန္ဒရှင် ၁,၇၄ဝ က ၎င်းတို့၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းကို  တာဝန်မှ ပြန်လည်ရုပ်သိမ်းရန် လက်မှတ်ရေးထိုး တောင်းဆိုထားသည်။ (ကိုးကား - The Voice Daily)

ရွေးကောက်ပွဲအတွက် ကက်သလစ်များ သုံးလကြာ ဆုတောင်းပွဲပြုလုပ်
=================================
အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတပြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သြဂုတ်လမှ စတင်ကာ မြန်မာပြည်ရှိ ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းများတွင် ဆုတောင်းပွဲများ အဆက်မပြတ်ပြုလုပ်ရန် နှိုးဆော်ထားကြောင်း ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက မိန့်ကြားသည်။
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မျှော်လင့်ချက်၊ ယုံကြည်ချက် ကင်းမဲ့နေကြသည်ဟု သုံးသပ်မိသောကြောင့် ရွေးကောက်ပွဲကျင်းပရေး၊ တိုင်းပြည်ကို အမှန်တကယ်ဦးဆောင်နိုင်မည့် ခေါင်းဆောင် ပေါ်ထွက်ရေးတို့အတွက် ဆုတောင်းကြရန် လိုအပ်သည်ဟု သူက မိန့်ကြားသည်။  (ကိုးကား - The Voice Daily)