သြဂုတ် ၂၇ သတင်းများ

အမြန်လမ်းဘေးတွင် ဆေးရုံ နှစ်ခု ဆောက်လုပ်ပြီးစီး

ရန်ကုန် မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တိုက်နယ်ဆေးရုံ ၂ ရုံ တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကြည်ဇော်မြင့်က သြဂုတ် ၂၆ တွင် ပြောသည်။

အမြန်လမ်းတစ်လျှောက် ယာဉ်မတော်တဆဖြစ်မှုများပြားလျက်ရှိပြီး  မိုင်တိုင် ၂၈၅၊  ၈၃ တို့တွင် တည်ဆောက်ထားသော  ဆေးရုံများ ဖွင့်လှစ်ပါက  အရေးပေါ်ကုသရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်သည်။ (ကိုးကား -  စံတော်ချိန်)

ရုပ်သံဥပဒေ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို သြဂုတ် ၂၆   ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက  အတည်ပြုလိုက်သည်။

ထိုဥပဒေကို သမ္မတက လက်မှတ်ထိုးပြဋ္ဌာန်းပြီး ၆ လအတွင်း  သမ္မတနှင့်လွှတ်တော်နှစ်ရပ်၏ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဝင် ၉ ဦးပါ ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူက ထိုကောင်စီထံတွင် လိုင်စင်လျှောက်ရမည်ဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)

တပ်မတော်နှင့် TNLA တို့ လေးရက်ဆက် တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည်မှာ ၄ ရက်ကြာပြီဖြစ်ကြောင်း ပလောင်လက်နက်ကိုင်အဖွဲ့မှ ဗိုလ်ကြီးတာအိုက်ကျော်က ပြောသည်။

သြဂုတ် ၂၃ ရက်နေ့မှ စတင်သော တိုက်ပွဲများမှာ ပလောင်လက်နက်ကိုင်အဖွဲ့ လှုပ်ရှားရာ  နမ့်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ မန်တုံမြို့နယ်တို့တွင် ဖြစ်ပွားနေကြောင်း သိရသည်။

ကိုးကန့်ဒေသတိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပလောင်လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးလိုပါက  လက်နက်စွန့်လွှတ်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် သြဂုတ် ၂၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားထားသည်။ (ကိုးကား - The Voice Daily)