ရွေးကောက်ပွဲရလဒ်ကို အစိုးရ လက်ခံမည်
နိုဝင်ဘာလ ရွေးကောက်ပွဲ၏ရလဒ်ကို လက်ခံပြီး ဥပဒေနှင့်အညီ ဆက်လက် အကောင်အထည်ဖော်မည်ဟု အစိုးရက သြဂုတ် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
"သြဂုတ်လ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိစ္စရပ်" သည် ပါတီတစ်ခု၏ ဆန္ဒအရ ခေါင်းဆောင်မှုပြောင်းလဲခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာ့အလင်း)
စိုက်ခင်းဧက ၁၄ သိန်းကျော် ရေမြုပ်
နိုင်ငံအနှံ့ရေဘေးကြောင့် စိုက်ခင်းဧကပေါင်း ၁၄ သိန်းကျော် ရေမြုပ်ခဲ့ပြီး ၎င်းတို့ထဲမှ ဧက ၆ သိန်းခွဲခန့် ပျက်စီးသွားသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သြဂုတ် ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မုန်းချောင်း၊ ပေါင်းလောင်း အပါအဝင် ရေလှောင်တမံကြီး ၄ဝ တွင် "သတ်မှတ်ရေလှောင်ပမာဏပြည့်မီသဖြင့်" ရေထုတ်လွှတ်ပေးလျက်ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)
ပါတီရုံးချုပ်သို့ သမ္မတ ရောက်လာခြင်းကို ပြည်ခိုင်ဖြိုး ကာကွယ်ပြောကြား
သြဂုတ် ၁၇ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်သို့ သမ္မတဦးသိန်းစိန် ရောက်လာခြင်းမှာ အစည်းအဝေးတက်ရောက်ရန်မဟုတ်ဘဲ ပါတီဝင်လွှတ်တော် ကိုယ်စားလှယ်များကို နှုတ်ဆက်ရန်အတွက်သာ ဖြစ်သောကြောင့် အခြေခံဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ပါတီဗဟိုကော်မတီဝင် ဦးပိုက်ထွေးက ပြောကြားသည်။
သမ္မတ၊ ဒုသမ္မတ တာဝန်ထမ်းဆောင်နေသူများ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခွင့်မရှိကြောင်း အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - 7Day Daily)