NLD အမတ်လောင်းအရေအတွက် ပြည်ခိုင်ဖြိုးထက် ပိုများ
ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာတွင် NLD ပါတီက ၁,၁၅၁ ဦး ရှိသောကြောင့် အာဏာရပြည်ခိုင်ဖြိုးပါတီထက် ၁၇ ဦး ပိုများကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကိုးကား - The Daily Eleven)
အပစ်ရပ်လက်မှတ်ထိုးပြီးလျှင် လက်နက်စွန့်ရမည်ဟု တပ်ချုပ်ပြော
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လက်နက်ကိုင်ဆောင်ခွင့် ရှိတော့မည်မဟုတ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်က ဗြိတိန်သံအမတ်နှင့် သြဂုတ် ၁၉ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ (ကိုးကား - The Voice Daily)
ကိုယ်စားလှယ်ရုပ်သိမ်းခြင်းဥပဒေကြမ်း လွှတ်တော်ဆိုင်းငံ့
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း အတည်ပြုနိုင်ရေး ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားရန် သင့်မသင့် သြဂုတ် ၂ဝ ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ၂၃၅ မဲ ရရှိသောကြောင့် ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။
ပါတီဥက္ကဋ္ဌတာဝန်မှ ဖယ်ရှားခံရသည့် သူရဦးရွှေမန်းဘက်မှ ရပ်တည်သူ အများအပြားရှိနေကြောင်း ထိုဆုံးဖြတ်ချက်က ပြသနေသည်။
ထင်ရှားသည့်ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် သဘောထား သိသိသာသာ ကွဲပြားခြင်းဖြစ်သောကြောင့် ပြည်ခိုင်ဖြိုးပါတီအတွက် "ထူးဆန်းသည့်" ရလဒ်ဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ကြသည်။ (ကိုးကား - Myanmar Times)