ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်ယာဉ်တိမ်းမှောက်၊ ၈ ဦး သေဆုံး
==========================
သြဂုတ် ၁၀ ရက်နေ့ ညနေက ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး အရှိန်လွန် တိမ်းမှောက်ခဲ့သဖြင့် လူ ၈ ဦး သေဆုံးပြီး၊ ၂၈ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
ရန်ကုန်မှ လားရှိုးသို့ ထွက်ခွာသွားသော ရွှေလီဦး ခရီးသည်တင်ယာဉ်သည် မိုင်တိုင် အမှတ် ၁၀၅/၂ အနီး တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတို့ကို ဖြူးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)
သမ္မတရုံးဝန်ကြီး ပါတီနှင့်လမ်းခွဲပြီး ရွေးကောက်ပွဲဝင်မည်
==========================
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းသည် ပါတီနှင့် လမ်းခွဲပြီး တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည်ဟု သိရသည်။
ဘော်လခဲမြို့နယ်အတွင်းရှိ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅ ခုသာ ပါဝင်သည့် ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သူ၏ အဆိုပြုချက်ကို ပါတီက ပယ်ချလိုက်ပြီးနောက် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်လိုက်ခြင်း ဖြစ်သည်။ (မူရင်း - 7Day Daily)
ဟားခါးမြို့တော် ပြောင်းရွှေ့ရန် နေရာရှာဖွေ
======================
ဟားခါးမြို့တော်လည်း အကြီးအကျယ် ထိခိုက်သဖြင့် မြို့တော်အတွက် သင့်တော်မည့် မြေနေရာသစ်ကို ဘူမိဗေဒပညာရှင်များ၏အကူအညီဖြင့် ရှာဖွေမည်ဟု ပြည်နယ်အစိုးရက ပြောသည်။
အိမ်ခြေ လေးထောင်ကျော်ရှိသည့် မြို့တော်တွင် ပြိုကျသွားသည့်အိမ်အရေအတွက် လေးရာကျော်ရှိသည်ဟု သိရသည်။ (မူရင်း - 7Day Daily)