သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရ
သူရဦးရွှေမန်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရပြီး သူ၏ နေရာကို ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူဦးဌေးဦးနှင့် အစားထိုးလိုက်သည်ဟု သိရသည်။
ပါတီအထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်း၏ နေရာကိုလည်း အစိုးရအဖွဲ့ဝန်ကြီးအဖြစ်မှ ရုတ်တရက် နှုတ်ထွက်ခဲ့သူ ဦးတင်နိုင်သိန်းနှင့် အစားထိုးလိုက်သည်။
သြဂုတ် ၁၂ ညပိုင်းက နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ (BBC Burmese)
စိတ်ကြွဆေး ၆ သိန်းနီးပါး ရန်ကုန်တွင် ထပ်မံဖမ်းမိ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် သြဂုတ် ၁၂ ရက်နေ့က စိတ်ကြွဆေးပြား ၆ သိန်း နီးပါးနှင့် ဘိန်းဖြူဘလောက်တုံး ၁ တုံး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ဒေသခံတို့ သတင်းပေးသဖြင့် ရေမြောင်းအတွင်း အထုပ်များကို သွားရောက်စစ်ဆေးစဉ် တွေ့ရသော ထိုမူးယစ်ဆေးများသည် မကြာသေးခင်က ရန်ကုန်ရှိ တခြားနေရာနှစ်ခုတွင် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသည့် ပမာဏများပြားသော မူးယစ်ဆေးများနှင့် ဆက်စပ်နေကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သည်။ (ကိုးကား - Democracy Today)
မြစ်ဝကျွန်းပေါ်တွင် ကျောင်းသူသုံးဦး ရေနစ်သေဆုံး
ရေဘေးသင့်ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် သြဂုတ် ၁ဝ ရက်နေ့က စက်လှေတစ်စီး တိမ်းမှောက်ရာ ကျောင်းသူ ၃ ဦး သေဆုံးသွားပြီးနောက် မြို့နယ်တွင်းရှိ စာသင်ကျောင်း ၂၅၆ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်သည်။
စက်လှေမောင်းသူကို ယာဉ်မတော်တဆမှုဖြင့် ထိန်းသိမ်းထားကြောင်း၊ သေဆုံးသွားသူများအနက် ၂ ဦးမှာ စက်လှေမောင်းသူ၏ သမီးများဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့က ပြောသည်။ (ကိုးကား - 7Day Daily)