စိုက်ခင်းဧက ၁.၃ သန်းကျော် ရေမြှုပ်
ရေဘေးကြောင့် နိုင်ငံအနှံ့ သီးနှံစုံ စိုက်ခင်းဧက ၁.၃ သန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ၎င်းတို့ထဲမှ ဧက ၅ သိန်းနီးပါး လုံးဝပျက်စီးသွားသည်ဟု သြဂုတ် ၁၁ ရက်နေ့ စာရင်းအရ သိရသည်။ ရေဘေးသင့် လူဦးရေ ၁.၁ သန်းခွဲ ကျော်၊ သေဆုံးသူအရေအတွက် ၁ဝ၃ ဦး ရှိသည်။ (ကိုးကား - မြန်မာ့အလင်း)
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတို့တွင် လေပြင်းကျနိုင်
ဘင်္ဂလားပင်လယ်အော်တွင် သြဂုတ်လ ၁၁ ရက်နေ့က လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတို့တွင် မိုးသည်းထန်ပြီး လေပြင်းကျနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။ (ကိုးကား - 7Day Daily)
စစ်အရာရှိ ၅ဝ ကျော်ကို အမတ်လောင်းများအဖြစ် ပြည်ခိုင်ဖြိုးအတည်ပြု
ထိပ်တန်းဗိုလ်ချုပ်ကြီးများ အပါအဝင် စစ်အရာရှိ ၅ဝ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်လောင်းများအဖြစ် ရွေးကောက်ပွဲဝင်ခွင့်ပြုရန် သြဂုတ်လ ၁၁ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်လိုက်သည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင် သူရဦးအောင်ကိုက ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်ဂျာနယ်)