သြဂုတ်လ ၁ဝ ရက်နေ့ သတင်းများ


ရေဘေးကြောင့် ၉၉ ဦး သေဆုံး

 နိုင်ငံအနှံ့ဖြစ်ပေါ်နေသော ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ အရေအတွက် ၉၉ ဦးအထိ ရှိလာသည်ဟု  သြဂုတ်လ ၉ ရက်နေ့အထိ ရရှိသောစာရင်းအရ   သိရသည်။



ရေဘေးသင့်သူ အရေအတွက် တစ်သန်းကျော်ရှိနေပြီး အများစုမှာ ဧရာဝတီ နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေထိုင်သူများ ဖြစ်သည်။ (ကိုးကား -  မြန်မာ့အလင်း)



SMS ရေဘေးအလှူငွေ သိန်းတစ်ထောင်ကျော် ရရှိ

 သြဂုတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့အတွင်း   SMS ပို့ပြီး  ရေဘေးအလှူငွေထည့်ဝင်မှု   ကျပ် ၁,၃၄၃ သိန်း ရှိကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြောသည်။



ပုဂ္ဂလိက ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် တယ်လီနော၊ အူရီဒူးတို့ကလည်း ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုကို SMS မှ တစ်ဆင့် လက်ခံလျက်ရှိသည်။ (ကိုးကား - The Messenger)



ပြည်တွင်းဘီယာထုတ်လုပ်မှု သုံးနှစ်အတွင်း နှစ်ဆနီးပါးတိုးလာ

 ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ပြည်တွင်းဘီယာစက်ရုံများမှ ဘီယာဂါလန် သန်း ၄ဝ ကျော် ထွက်ရှိခဲ့သဖြင့်  ဘီယာထုတ်လုပ်မှု  သုံးနှစ်အတွင်း နှစ်ဆနီးပါး တိုးတက်လာသည်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။



ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တို့၏ ဘီယာစက်ရုံသစ်များလည်း စတင်လည် ပတ်နေပြီဖြစ်သောကြောင့် လာမည့်နှစ်များတွင် ဘီယာထုတ်လုပ်မှု ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)