ဒုသမ္မတနှစ်ဦး ရွေးကောက်ပွဲဝင်မည်
ဒုသမ္မတနှစ်ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ရန် သြဂုတ် ၃ ရက်နေ့က လျှောက်လွှာတင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နေရာအတွက် ဒေါက်တာစိုင်းမောက်ခမ်းက ရှမ်းပြည်နယ်၊ လားရှိုးကို ရွေးချယ်ပြီး ဦးဉာဏ်ထွန်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီကို ရွေးချယ်လိုက်သည်။ (ကိုးကား - 7Day Daily)
ပွင့်ဖြူတွင် ရေပြန်ကျ၊ ဝမ်းလျှောသူ သုံးဆယ်ကျော်ရှိ
မကွေးတိုင်းဒေသကြီး ရေဘေးသင့် ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတချို့တွင် ရေပြန်ကျသွားပြီးနောက်ပိုင်း သန့်ရှင်းသည့် ရေ၊ အစားအစာ မလုံလောက်မှုမရှိသဖြင့် ဒေသခံအများအပြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေကြောင်း ဗုဒ္ဓဟူးနေ့က သတင်းရရှိသည်။
ဇီးတော၊ ဂွေ့ရွာတို့တွင် ဝမ်းပျက်ဝမ်းလျှောသူ ၃ဝ ကျော်ရှိနေပြီး လုံလောက်သည့် ကာကွယ်မှု၊ ကုသမှု မရရှိသေးကြောင်း သိရသည်။ (ကိုးကား - The Daily Eleven)
ဈေးကွက်ပြတ် ရေသန့်စင်ဆေး ရက်ပိုင်းအတွင်း ပြည်ပမှရောက်မည်
ဈေးကွက်တွင် ပစ္စည်းပြတ်နေသော ရေဘေးသင့်ဒေသအတွက် အဓိကလိုအပ်သည့် ရေသန့်စင်ဆေးပြားကို ပြည်ပမှ မှာယူထားသဖြင့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိမည်ဟု ဆေးဝါးလုပ်ငန်းရှင်များက ပြောသည်။
ဆေးပြား တစ်ပြားသည် ရေသန့်ဘူး ၂ဝ ခန့်ကို ရေသန့်အဖြစ် ပြောင်းလဲပေးနိုင်သည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)