သြဂုတ် ၂၆ သတင်းများ


ဆွမ်ပရာဘွမ်တွင် တိုက်ပွဲဖြစ် 

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း  သြဂုတ် ၂၅ နံနက်ပိုင်းက တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးတွင်  ဇွန်လနှောင်းပိုင်းကစတင်ပြီး   စစ်ပြေးဒုက္ခသည်များ ခိုလှုံနေကြသည့် လောဒ်မိုင်ယန်ကျေးရွာ ရှိသည်ဟု သိရသည်။ (ကိုးကား - 7Day Daily) 

အပစ်ရပ်စာချုပ်အတွက် စက်တင်ဘာတွင် ထိပ်သီးညှိနှိုင်းပွဲရှိ 

တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်မှ သဘောတူရန်ကျန်နေသည့် အချက်များနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့်   စက်တင်ဘာတွင် တွေ့ဆုံမည်ဟု  မြန်မာငြိမ်းချမ်းရေးစင်တာက ပြောသည်။ (ကိုးကား -The Voice Daily)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂၅ ဦးကို လွှဲပြောင်း

လှေစီးဒုက္ခသည် ၁၂၅ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သြဂုတ် ၂၅ ရက်နေ့က နယ်စပ်မှတစ်ဆင့် လွှဲပြောင်းပေးလိုက်ကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောသည်။

နိုင်ငံသားစိစစ်ပြီးနောက်ပိုင်း ဇွန်လမှစတင်၍  ၆၂၆ ဦးကို ၅ ကြိမ်ခွဲကာ လွှဲပြောင်းပေးပို့ခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့်   ၁ဝ၁ ဦးကို အမြန်ဆုံး လွှဲပြောင်းနိုင်ရန်လည်း တွန်းအားပေးနေကြောင်း ဦးခင်စိုးက ဆက်ပြောသည်။ (ကိုးကား - ပြည်မြန်မာ)