ဝန်ကြီးချုပ်ဟောင်းဦးနုအမှတ်တရ ဖောင်ဒေးရှင်း ထူထောင်မည်
ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဇနီး ဒေါ်မြရီတို့၏အမည်ဖြင့် ဖောင်ဒေးရှင်းတစ်ခု ထူထောင်မည်ဟု ၎င်းတို့သမီးဖြစ်သူ ဒေါ်သန်းသန်းနုက ပြောသည်။
ခြံမြေတချို့ကို ရောင်းချပြီး ရလာသည့်ငွေထဲမှ မတည်ငွေ ကျပ်သိန်းတစ်ရာခန့်ဖြင့် အစပြုမည့် ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းသည် ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ထောက်ပံ့ကူညီ သွားမည်ဟု သိရသည်။ (ကိုးကား - The Voice Daily)
စိတ်ကြွဆေး ၁၅ သိန်း ရန်ကုန်တွင် ဖမ်းမိ
စိတ်ကြွဆေးပြား ၂၆ သန်းကျော် တင်ဆောင်ထားသည့်ကားကို စွန့်ပစ်ထွက်ပြေးသူ ယာဉ်မောင်း၏ ရန်ကုန်မြို့နေအိမ်ကို တနင်္လာနေ့က ရှာဖွေရာ ဆေးပြား ၁၅ သိန်း ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ဆေးပြား ၂၆ သန်းကျော်ပါ ကွန်တိန်နာတင်ယာဉ်ကို ဇူလိုင်လ ၂၆ ရက်နေ့တွင် ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအမှုနှစ်ခုတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို ထုပ်ပိုးပုံ တူညီပြီး ပိုင်ရှင် မည်သူဖြစ်သည်ကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။ (ကိုးကား - 7Day Daily)
မြန်မာပြည်တောင်ပိုင်းတွင် မိုးပိုများမည်
မွန်၊ တနင်္သာရီ၊ ဧရာဝတီ စသည့် မြန်မာပြည်တောင်ပိုင်းတွင် ဒေသများတွင် မိုးပိုများလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၄ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ကမ်းရိုးတန်းဒေသများတွင် သြဂုတ်လ ၃ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း မိုးရေချိန် ၁၁ လက်မအထိ၊ အထက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ၈ မှ ၁၁ လက်မအထိ ရှိနိုင်မည်ဟု သိရသည်။ (ကိုးကား - The Myanmar Times)