အောက်တိုဘာ ၁ သတင်းများ
ဘာသာရေးအဖွဲ့ကို အရေးမယူနိုင်ကြောင်း ရွေးကော်ပြော
အမတ်လောင်းတစ်ဦးဦးကို မဲမပေးရန် လှုံ့ဆော်သော ဘာသာရေးအဖွဲ့များကို ရွေးကောက်ပွဲဥပဒေနှင့်  အရေးယူနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။
ဘာသာရေးအဖွဲ့များကို ကိုင်တွယ်ရေးမှာ သာသာနာရေး ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ကြောင်း  သူက ဆက်ပြောသည်။
မည်သူမဆို ဘာသာရေးကို အကြောင်းပြပြီး မဲပေးရန်၊ မဲမပေးရန် လှုံ့ဆော်ကြောင်း ထင်ရှားလျှင် ငွေဒဏ် ၁ သိန်း၊ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - The Voice Daily)
နိုင်ငံရေး၊ စစ်ရေးကြောင့် အပစ်ရပ်စာချုပ်တွင် အားလုံး မပါဝင်နိုင်သေး
နိုင်ငံရေး၊ စစ်ရေးအခြေအနေ အမျိုးမျိုးကြောင့် တစ်နိုင်ငံရေး အပစ်ရပ်ရေး သဘောတူစာချုပ်ကို အဖွဲ့အားလုံး အတူတကွ လက်မှတ်ထိုးနိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များက  ဗုဒ္ဓဟူးနေ့တွင်  ကြေညာလိုက်သည်။
လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ဆွေးနွေးပြီးနောက် ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် အသင့်ဖြစ်နေသည့်အဖွဲ့ ၇ ဖွဲ့ ရှိသည်။ (ကိုးကား - The Daily Eleven)
အမတ်လောင်း သမ္မတရုံးဝန်ကြီး၏နောက်ကြောင်းကို ရွေးကော် စုံစမ်းနေ
မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်  သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်၏ မိဘများနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးဌာနသို့ စုံစမ်း  မေးမြန်းထားကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။
ဦးသိန်းညွှန့်၏ မိဘများမှာ တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာသူများဖြစ်ပြီး၊   ဖခင်မှာ နိုင်ငံသားမဖြစ်မီ  ကွယ်လွန်သွားသောကြောင့် ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဦးသိန်းညွှန့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိဟူသော အချက်များ ပါဝင်သော တိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိထားသည်။
ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဟု အတည်ပြုနိုင်ပါက ဦးသိန်းညွန့် ရွေးကောက်ပွဲတွင် အနိုင်ရရှိလျှင်ပင် ကော်မရှင်က ထိုရလဒ်ကို အတည်ပြုမည်မဟုတ်ဟု  ဦးဝင်းကိုက ပြောသည်။   (ကိုးကား - 7Day Daily)
စက်တင်ဘာ ၃ဝ သတင်းများ
တပ်နယ်မြေကြိုတင်မဲကိစ္စ ကာတာစင်တာထောက်ပြ
စစ်တပ်အခြေစိုက်ဒေသများတွင် ကြိုတင်မဲနှင့်ပတ်သက်ပြီး စိုးရိမ်စရာရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ရထားသည့် အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကာတာစင်တာ၏ စက်တင်ဘာ ၂၅ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မဲထည့်ခြင်း အပါအ၀င် ကြိုတင်မဲပေးခြင်းကို အပြည့်အဝ လေ့လာစောင့်ကြည့်သင့်သည်ဟု ကာတာစင်တာက ရွေးကောက်ပွဲကော်မရှင်ကို ထပ်မံ အကြံပြုထားကြောင်း သိရသည်။  (ကိုးကား - 7Day Daily)
မျိုးစောင့်ဥပဒေ အောင်ပွဲ သီတဂူဆရာတော် မိန့်ခွန်းပြောမည်
ကျပ်သိန်း ၁,၅ဝဝ ကျော် အကုန်အကျခံပြီး ရန်ကုန် သုဝဏ အားကစားကွင်းအတွင်း သောကြာနေ့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို
 သီတဂူဆရာတော် အရှင်ဥာဏိဿရ ကြွရောက် မိန့်ခွန်းပြောကြားမည်ဟု  မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခထံမှ သိရသည်။
သံတမန်များ၊ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များတက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
မံစီတွင်တိုက်ပွဲဖြစ်ရခြင်းအကြောင်း တပ်မတော် ထုတ်ပြန်
ကချင်ပြည်နယ် မံစီမြို့ တိုက်ပွဲများမှာ ဒေသခံတို့က KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တို့၏ မိုင်းထောင်ဖောက်ခွဲမှုများအကြောင်း တိုင်ကြားသဖြင့် နယ်မြေရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းဌာန မြဝတီ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ KIA စခန်း ၃ ခုမှ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိကြောင်း သတင်းတွင် ရေးသားထားသည်။ (ကိုးကား - မြဝတီ)
စက်တင်ဘာ ၂၉ သတင်းများ
ကိုကိုးကျွန်းသို့ မဲပေးနိုင်သူ ၃ဝဝ ကျော် ပြောင်းရွှေ့
တပ်မတော်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ်သမားများ အစုလိုက်အပြုံလိုက် ရောက်ရှိသွားသည့်ကိုကိုးကျွန်းတွင် မဲစာရင်း  ၃ဝဝ ကျော် ထပ်တိုးလာသည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အမတ်လောင်းများ သွားရောက်မဲဆွယ်မှု မပြုနိုင်သေးသော ကိုကိုးကျွန်းတွင်  မူလက မဲပေးခွင့်ရသူ အရေအတွက် ၁,၄ဝဝ ကျော် ရှိသည်ဟု သိရသည်။
ထပ်တိုးစာရင်းတွင် တပ်မတော်သားများလည်း ပါဝင်နေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။ (ကိုးကား - The Voice Daily)
ရန်ကုန်လမ်းဘေးခွေးများကို သားကြောဖြတ်မည်
လေလွင့်ခွေး ပေါက်ဖွားနှုန်း ထိန်းချုပ်နိုင်ရေး ၃ နှစ် စီမံကိန်းကို ရန်ကုန်မြို့တွင်စတင်ရန် သမ္မတရုံး၏ ခွင့်ပြုချက် စောင့်ဆိုင်းနေသည်ဟု
စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါ်လှမေဦးက ပြောသည်။
လမ်းဘေးခွေး အရေအတွက်ကို သားကြောဖြတ်သည့်နည်းဖြင့် ထိန်းချုပ်မည်ဖြစ်ပြီး ရန်ကုန်သည် ခွေးရူးရောဂါကင်းစင်မြို့တော် ဖြစ်လာမည်ဟု ဒေါ်လှမေဦးက ပြောသည်။
ခွေးလေခွေးလွင့် ၁၂ဝ,ဝဝဝ ကျော် ရှိသည့် ရန်ကုန်တွင် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်ကို ပေးလှူမည်ဟု အမေရိကန်သံအမတ်နှင့်ဇနီးတို့က ကမ်းလှမ်းထားကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - 7Day Daily)
KIA စခန်းများကို မန်စီမြို့လယ်မှ ပစ်ခတ်
စက်တင်ဘာ ၂၆ မှစတင်ပြီး တပ်မတော်က မန်စီမြို့လယ်တွင် လက်နက်ကြီးများ တပ်ဆင်ကာ KIA ခေါ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့၏ စခန်းများရှိရာသို့  နှစ်ရက်ကြာ ပစ်ခတ်သဖြင့်  တိုက်ပွဲများကြားသို့ ရောက်ရှိမည်ကို စိုးရိမ်ကြောင်း ဒေသခံတို့က  ပြောသည်။
မြို့တွင်းလမ်းတချို့ကိုလည်း ပိတ်ထားပြီး ဒေသခံတချို့က ဘာသာရေးဆိုင်ရာအဆောက်အအုံများသို့ သွားရောက်ခိုလှုံကြသည်ဟု သိရသည်။ (ကိုးကား - The Voice Daily)
စက်တင်ဘာ ၂၈ သတင်းများ
ကချင်ဒေသ မဲရုံပေါင်းတစ်ရာကျော် ဖွင့်နိုင်မည်မဟုတ်
တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် လျာထားသည့် မဲရုံပေါင်း ၈၂၃ ခုထဲမှ   ၁ဝဝ ကျော်ကို နယ်မြေလုံခြုံရေးအခြေအနေအရ ဖွင့်နိုင်တော့မည် မဟုတ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။
ရွာတချို့ ပျက်သွားပြီး တချို့မှာ ကချင်လွတ်မြောက်ရေးတပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု သူက ပြောသည်။
ထိုဒေသမှ ပြည်သူများ တခြားမဲရုံများတွင် မေးပေးခွင့်ရရေး အာဏာပိုင်တို့ စီစဉ်ပေးသင့်သည်ဟု   ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။ (ကိုးကား - 7Day Daily)
မက္ကာလူအုပ်တိုးဝှေ့မှုကြောင့် သေဆုံးသူများထဲတွင် မြန်မာပြည်မှ ၅ ဦး ပါဝင်
 ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ဘုရားဖူးသွားသူများ အချင်းချင်း ကြာသပတေးနေ့က တိုးကြိတ်မိသဖြင့် သေဆုံးသွားသူ  ၇ဝဝ ကျော်ထဲတွင် မြန်မာပြည်မှ ၅ ဦး အနည်းဆုံး ပါဝင်သည်ဟု  မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (MMNF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကိုကိုလတ်ကပြောသည်။
 ၁၉၉ဝ ပြည့်နှစ် မက္ကာမြို့ဘုရားဖူးခရီးစဉ်အတွင်း ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပေါ်စဉ်ကလည်း မြန်မာပြည်မှ ဘုရားဖူး ၂ ဦး သေဆုံးသည်ဟု MMNF ထံမှ သိရသည်။  (ကိုးကား - Myanmar Times)
 ပုဒ်မ ၅၉(စ) မပြင်လိုသူကို မဲပေးရန် မဘသတိုက်တွန်း
သမ္မတ အရည်အချင်းသတ်မှတ်ချက် ပါဝင်သော အခြေခံဥပဒေ ပုဒ် ၅၉ (စ)  မပြင်လိုသည့် အမတ်လောင်းကိုသာ မဲပေးကြရန် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး(ဗဟို) မှ ဥပဒေအကြံပေး ဦးအေးပိုင်က    ထားဝယ်မြို့တွင် တနင်္ဂနွေနေ့ကပြုလုပ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားတွင် ပြောလိုက်သည်။
ထို့အပြင် ကိုယ်စားလှယ်လောင်းသည်  ဗုဒ္ဓဘာသာ မကိုးကွယ်သော၊  မျိုးစောင့်ဥပဒေကို မထောက်ခံသောအမတ်လောင်းကို မဲပေးခြင်း မပြုရန်လည်း သူက တိုက်တွန်းလိုက်သည်။  (ကိုးကား - 7Day Daily)
စက်တင်ဘာ ၂၄ သတင်းများ
မြန်မာကလေး ၁ဝ သန်းကျော် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ
မိသားစု တစ်ဦးချင်းနေ့စဉ်ဝင်ငွေ နှစ်ဒေါ်လာအောက်သာ ရှိခြင်းကြောင့် မြန်မာကလေးငယ် ၁ဝ သန်းကျော် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း  Unicef နှင့် Save The Children အဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
လူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် ကလေးများဖြစ်ပြီး သုံးပုံတစ်ပုံနီးပါးသည် သန့်ရှင်းသော သောက်သုံးရေမရရှိ၊ လေးပုံတစ်ပုံသည် အိမ်သာသုံးစွဲနိုင်ခြင်းမရှိကြောင်း ထိုအဖွဲ့များမှ တာဝန်ရှိသူတို့က ပြောသည်။  (ကိုးကား - The Voice Daily)
ဝန်ကြီးဦးမြင့်လှိုင်နောက် တောင်သူ ၁၅ ဦး တကောက်ကောက်လိုက်
လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် မဲဆွယ်စဉ်   ၎င်း၏ဇနီးအမည်ပေါက်နေသော သိမ်းဆည်းခံလယ်မြေများအရေး ဖြေရှင်းပေးရန် ဒေသခံတစ်ဦး၏ တောင်းဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
လယ်သိမ်းခံရသော နေပြည်တော်ဒေသခံ ၁၅ ဦးက ဝန်ကြီး မဲဆွယ်သည့်နေရာတိုင်းသို့ လိုက်ပါမေးမြန်းလျက်ရှိရာ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ထဲမှ တစ်ဦး မေးခွန်းထုတ်ခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီးက  ထိုမြေများမှာ သစ်တောမြေအဖြစ် စာရင်းပေါက်ခဲ့ကြောင်း၊ တောင်းဆိုလိုပါက ရဲစခန်းတွင် အမှုဖွင့်နိုင်ကြောင်း မေးခွန်းထုတ်သူကို ပြန်လည် ဖြေကြားခဲ့သည်။  (ကိုးကား - The Daily Eleven)
မဲစာရင်းကြေညာသည့်ရက် ရေဘေးသင့် ၁၄ မြို့နယ်တွင် တိုးမြှင့်
ရေဘေးသင့်ဒေသများအနက် မြို့နယ် ၁၄ ခုအတွက် မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဗုဒ္ဓဟူးနေ့တွင် တိုးမြှင့်သတ်မှတ်လိုက်သည်။
မတူပီ၊ ဟားခါး၊ တွန်းဇံတို့ကို  အောက်တိုဘာ ၁ဝ အထိ၊  မုံရွာ၊ ဆားလင်းကြီး၊  ကနီ၊ မော်လိုက်၊ ဖောင်းပြင်တို့ကို အောက်တိုဘာ ၂  အထိ၊ စေတုတ္တရာ၊ မြင်းခြံ၊  ဟင်္သာတ၊ ဇလွန်၊ မြန်အောင်တို့ကို  အောက်တိုဘာ ၄ အထိ၊ အင်္ဂပူကို စက်တင်ဘာ ၃ဝ အထိ တိုးမြှင့်ထားသည်။
မူလ သတ်မှတ်ရက်မှာ စက်တင်ဘာ ၁၄ မှ ၂၇ အထိ ဖြစ်သည်။  (ကိုးကား - 7Day Daily)
စက်တင်ဘာ ၂၃ သတင်းများ
၆ဝ ကျော်လည်း စစ်မှုထမ်းခွင့်ရှိဟု ဗိုလ်ချုပ်မှုးကြီးပြော
၁၉၅၉ ခုနှစ်က ထုတ်ပြန်သည့် အမိန့်တစ်ခုအရ အသက် ၆ဝ ကျော်လျှင်လည်း စစ်မှုထမ်းခွင့် ရှိသေးကြောင်း  ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က သတင်းသမားများကို စက်တင်ဘာ ၂၁ ရက်နေ့က ပြောလိုက်သည်။
လာမည့်နှစ် အသက် ၆ဝ ပြည့်ချိန်တွင် ဗိုလ်ချုပ်မှုးကြီးပင်စင်မယူဘဲ တပ်မတော်တွင်  ဆက်လက်တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိမရှိဟူသော မေးခွန်းကို ထိုသို့ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။ (ကိုးကား - The Daily Eleven)
နယ်စပ် သစ်ခိုးထုတ်မှု တရုတ်မှောင်ခိုဂိုဏ်း ထိန်းချုပ်
တရုတ်-မြန်မာနယ်စပ် သစ်မှောင်ခိုလုပ်ငန်းကို ထိန်းချုပ်ထားသည့်ဂိုဏ်းက  ကေအိုင်အို၊ စစ်တပ်၊ နှစ်ဘက်အာဏာပိုင်တို့ပါဝင်သည့် အဆက်အသွယ်များကို အသုံးပြုပြီး မြန်မာနိုင်ငံမှသစ်များ နယ်စပ်မှ ပြဿနာမရှိဘဲ ဖြတ်ကျော်နိုင်ရန် ဆောင်ရွက်နေသည်ဟု   လန်ဒန်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းရေးအေဂျင်စီ (EIA)က အင်္ဂါနေ့တွင် ပြုလုပ်သော ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်သည်။
တားဆီးမှု မရှိပါက ပဋိပက္ခ၊ အကြမ်းဖက်မှု၊ သစ်တောပျက်စီးမှုတို့ ဆက်တိုက်ဖြစ်ပေါ်နေသည်ကို ထိုင်ကြည့်နေရမည်ဟု EIA က သတိပေးလိုက်သည်။  (ကိုးကား - 7Day  Daily)
ရွေးကောက်ပွဲအနိုင်အရှုံးကို ဝန်ကြီး ဦးမြင့်လှိုင် မခန့်မှန်းနိုင်သေး
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေမှ ရွေးကောက်ပွဲဝင်မည့်  လယ်ယာစိုက်ပျိုးရေး နှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်လှိုင်က သူ အနိုင်ရမရကို  မခန့်မှန်းနိုင်သေးကြောင်း အင်္ဂါနေ့က ပြောလိုက်သည်။
အာဏာရပါတီမှ ဦးမြင့်လှိုင်၏ ပြိုင်ဘက် နှစ်ဦးမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ဖြစ်သည်။  (ကိုးကား - မြန်မာတိုင်းမ်)
စက်တင်ဘာ ၂၂ သတင်းများ
မဘသစာစောင် ပြည်ခိုင်ဖြိုးပါတီဝင်တို့ဖြန့်နေကြောင်း NLD စွပ်စွဲ
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လက်ကမ်းစာစောင်များကို  ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင်  ပြည်ခိုင်ဖြိုးပါတီဝင်တို့ ဖြန့်ဝေခဲ့သည်ဟူသော  အထောက်အထားများကို ရရှိထားသည်ဟု  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောလိုက်သည်။
လက်ကမ်းစာစောင်တွင် NLD က မျိုးစောင့်ဥပဒေများကို မထောက်ခံသဖြင့် မဲမပေးသင့်ကြောင်း  ရေးသားထားသည်ဟု ဆိုသည်။   (ကိုးကား - The Messenger)
နိုင်ကျဉ်းလွတ်မြောက်ရေးတောင်းဆိုရန် ပါတီများကိုတိုက်တွန်း
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ပါတီများက ဝိုင်းဝန်းတောင်းဆိုသင့်သည်ဟု  လူ့အခွင့်အရေးအဖွဲ့တချို့က တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသား ၁ဝ၈ ဦး ရှိနေပြီး အမှုရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူ ၄၅၉ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ သြဂုတ်လ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။   (ကိုးကား - The  Daily Eleven)
ရေငုပ်သင်္ဘောနှင့် လေယာဉ် ဝယ်လိုကြောင်း တပ်ချုပ်ပြောကြား
မြန်မာ့တပ်မတော်အတွက် ရေငုပ်သင်္ဘောနှင့် လေယာဉ်များ လိုအပ်နေပြီး  လွှတ်တော်က ချပေးသော ဘတ်ဂျက်အခြေအနေအရ ၂ နှစ်၊ ၃ နှစ်ခန့်အကြာတွင် ဝယ်ယူနိုင်ဖွယ်ရှိသည်ဟု  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
 ဝယ်ယူရေးအတွက် အတင်းအကျပ် တောင်းဆိုမည်မဟုတ်ကြောင်း၊ တပ်မတော်က ဒေသတွင်း အခြားတပ်မတော်များကို အမီလိုက်နိုင်ရန် ကြိုးစားနေရကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)
စက်တင်ဘာ ၂၁ သတင်းများ
ဘာသာရေးအသုံးချမဲဆွယ်မှုမှာ အောက်တန်းကျသည်ဟု ဒေါ်စုပြော 
ဘာသာရေးကို အသုံးချပြီး မဲဆွယ် စည်းရုံးခြင်းသည်  အောက်တန်းကျနိုင်ငံရေးကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  စက်တင်ဘာ ၂ဝ ရက်နေ့ နေပြည်တော် မဲဆွယ်ပွဲတွင် ပြောလိုက်သည်။
ဒီချုပ် အာဏာရလာပါက  မြန်မာပြည်ကို ဘာသာခြားတို့လွှမ်းမိုးမည်ဟူသော လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး မေးမြန်းလာမှုကို ထိုသို့ ဖြေကြားလိုက်ခြင်း ဖြစ်ပြီး  ပြည်သူများ နုံအ၊ ယုံလွယ်သည်ဟူယူဆသူများက ထိုအောက်တန်းကျ နိုင်ငံရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
သြဂုတ်လ ၃ဝ ရက်က ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်တွင် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောနေစဉ် “ရိုဟင်ဂျာကိုထောက်ခံသည့် NLD ပါတီအလိုမရှိ” ဆိုသော စာတမ်းများဖြင့် လူတစ်စု ဆန္ဒပြခဲ့ကြသည်။ (ကိုးကား -The Daily Eleven)
အစိုးရနှင့် ပလောင်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမည်
ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့နှင့် အစိုးရတာဝန်ရှိသူများ ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုဆွေးနွေးပွဲသည်  နှစ်ဘက် အပစ်ရပ်စာချုပ် သီးသန့်ရေးထိုးရန်ဦးတည်မည့်သဘောရှိပြီး၊ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် ပလောင်အဖွဲ့ ပါဝင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြီးတန်းအကြံပေး  ဦးလှမောင်ရွှေက ပြောသည်။ (ကိုးကား - 7Day Daily) 
လုံခြုံရေးတာဝန်ကျစစ်သည်များ ကြိုတင်မဲ ပေးနိုင်
ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ယူရမည့်  တပ်မတော်သားများ ကြိုတင်မဲထည့်နိုင်ကြောင်း၊ ကျန်တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲရုံသို့ ကိုယ်တိုင်သွားရောက် မဲထည့်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောသည်။
ကြိုတင်မဲပေးနိုင်သော အရပ်သားများထဲတွင် အမှုရင်ဆိုင် အချုပ်ခံနေရသူ၊ ဆေးရုံတက်နေသူ၊ နိုင်ငံပြင်ပသို့ တရားဝင် ရောက်ရှိနေသူတို့ ပါဝင်သည်။ (ကိုးကား - Messanger Daily) 
စက်တင်ဘာ ၁၈ ရက်သတင်းများ
တိုက်ပွဲများဖြစ်ပွားနေ၍ နယ်မြေအတွင်း မဲဆွယ်ခြင်းခေတ္တရပ်ထားရန် RCSS/SSA ထုတ်ပြန်
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲလက်မှတ်ပေါင်း ၁၂၅ သန်းကျော်ရိုက်နှိပ်မည်
ယခုနှစ်အတွင်း ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးရမည့် မဲလက်မှတ်စုစုပေါင်း ၁၂၅ သန်းကျော်ကို ရိုက်နှိပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်းညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြောသည်။ မဲဆန္ဒရှင်တစ်ဦးအနေဖြင့် အနည်းဆုံးလွှတ်တော်သုံးရပ်ကို မဲပေးရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းမှာလည်း တိတိကျကျမရရှိသေးခြင်းကြောင့် မဲလက်မှတ်အရေအတွက်ကို လိုအပ်မှုမဖြစ်စေရန်အတွက် မဲဆန္ဒရှင်အရေအတွက်ကို ခန့် မှန်းကာ အပိုဆောင်းရိုက်နှိပ်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ "ကြိုတင်မဲပေးမယ့် ပြည်ပက မဲဆန္ဒရှင်စာရင်းက အပြီးသတ်မရသေးတော့ သူတို့ အတွက် နောက်ဆုံး ရိုက်နှိပ်နိုင်ပါမယ်"ဟု ၎င်းကပြောသည်။ (The Voice Daily)
ပါတီများကို စော်ကားပုတ်ခတ်မှု ဆင်ခြင်ရန် မကွေးဆရာတော် မိန့် ကြား
ရဟန်းသံဃာများအနေဖြင့် မိမိနှစ်သက်သည် ပါတီကို ထောက်ခံနိုင်သကဲ့သို့ မိမိ နှင့် သဘောာထားမတိုက်ဆိုင်သည့် ပါတီများကို စော်ကားပုတ်ခတ်ခြင်းမျိုး မရှိစေရန်လည်း ဆင်ခြင်သင့်ကြောင်း မကွေးကျောင်းတိုက်ဆရာတော်ဥူးပါမောက္ခက မိန့် ကြားတော်မူသည်။ "ရဟန်းသံဃာများအနေနဲ့ လည်း အမှန်တရားကို အခြေခံသင့်တယ်။ တစ်ဖက်သတ်မပြောသင့်ပါဘူး။ NLD ကိုမဲပေးပါ။ ကြံ့ခိုင်ရေးကို မဲပေးပါဆိုတာမျိုးတွေ မပြောသင့်ပါဘူးလို့ မြင်ပါတယ်"ဟု မိန့် ကြားသည်။ (ကိုးကား - Messenger)
စက်တင်ဘာ ၁၇ သတင်းများ
ပယ်မဲဖြင့် ရွေးကောက်ပွဲအနိုင်အရှုံးဆုံးဖြတ်နိုင်ကြောင်း  NLD သတိပေး
၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲ အားကိုးဖြင့် အနိုင်ယူမှု ရှိခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ပယ်မဲ အများအပြား ပေါ်ပေါက်သည့်နည်းဖြင့် အနိုင်ယူခြင်း မဖြစ်စေရန်  ဂရုစိုက်ရမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  နာယက ဦးတင်ဦးက   စက်တင်ဘာ ၁၆ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မဲဆွယ်ပွဲတွင်  ပြောလိုက်သည်။
ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သော မဲစာရင်းတွင် အမှားအယွင်း များစွာ ပါဝင်နေမှုမှာ မဲစာရင်း လေ့လာသော NLD ကို အလုပ်မရှုပ်ရှုပ်အောင် ဖန်တီးသကဲ့သို့ ဖြစ်နေကြောင်းလည်း သူက ပြောလိုက်သည်။ (ကိုးကား - The Daily Eleven)
ရှေးဦးပြုစုနည်း တစ်အိမ်တစ်ယောက်သင်ပေးမည်
တစ်အိမ်လျှင် တစ်ယောက်နှုန်း ရှေးဦးပြုစုနည်း  တတ်မြောက်ကြရေးအတွက် သင်တန်းများ စီစဉ်နေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ  ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဒေါ်ခင်ခင်ရှိန်က ပြောသည်။
စီမံချက်အရ တစ်ရွာလျှင် ၃ ဦးနှုန်း သင်ကြားပေးကာ သင်တန်းဆင်းပြီးသူများက ရှေးဦးပြုစုနည်းပညာ ထပ်မံဖြန့်ဖြူးသည့်စနစ် ကျင့်သုံးမည်ဟု ဆိုသည်။
ကြက်ခြေနီအသင်း၏  ၂၀၁၆- ၂၀၂၀ ငါးနှစ်တာ မဟာဗျူဟာလုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ပြည်သူများ ရှေးဦးပြုစုနည်းပညာရပ်  လေ့ကျင့်သင်ကြားရေး၊ ရေရှည်တည်တံ့ရေးတို့ကို ထည့်သွင်းမည်ဟု သိရသည်။  (ကိုးကား - 7Day Daily) 
အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် နာဂအဖွဲ့  ရန်ကုန်တွင်ဆွေးနွေး
အောက်တိုဘာတွင် ချုပ်ဆိုရန် ပြင်ဆင်နေသည့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်တွင်  ပါဝင်လက်မှတ်ထိုးရေးအတွက် အိန္ဒိယ-မြန်မာနယ်စပ် အခြေစိုက် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) က ရန်ကုန်တွင် အစိုးရနှင့် လာရောက် ဆွေးနွေးခဲ့သည်။
NSCN-K သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို လေ့လာသူအဖြစ် ၅ ကြိမ်တက်ရောက်ဖူးသည်။
အိန္ဒိယအစိုးရကလည်း  NSCN-K ကို အိန္ဒိယမြောက်ပိုင်း တိုက်ခိုက်မှုတွင် ပါဝင်နေသည်ဟု ဆိုပြီး ဥပဒေပြင်ပအဖွဲ့အဖြစ် သတ်မှတ်ထားသည်။  (ကိုးကား - ပြည်မြန်မာ)
စက်တင်ဘာ ၁၆ သတင်းများ
မဲစာရင်းအမှားများမှုကို ရွေးကော်အောက်ခြေက ဝေဖန်
နောက်ဆုံးထုတ်ပြန်လိုက်သော မဲစာရင်း အလွန်အကျွံ မှားယွင်းနေသဖြင့် အချိန်မီ ပြင်ဆင်နိုင်ရန်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးအနေဖြင့် ညွှန်ကြားသင့်ကြောင်း    ရန်ကုန်မှ ရပ်ကွက်အဆင့် ကော်မရှင်လူကြီးတစ်ဦးက စက်တင်ဘာ ၁၄ ရက်နေ့တွင် အိတ်ဖွင့်ပေးစာပေးပို့ တိုက်တွန်းလိုက်သည်။
 မဲစာရင်း ၃၀ရာခိုင်နူန်းသာမှန်နိုင်သည်ဟူသော ဦးတင်အေး၏မကြာသေးခင်က မှတ်ချက်မှာလည်း တာဝန်မဲ့ရာကျသည်ဟု လှိုင်မြို့နယ် ၁၃ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းထွန်းလင်း၏  facebook စာမျက်နှာတွင် ရေးထားသည်။   (ကိုးကား - The Daily Eleven)
ဒေါ်အောင်ဆန်းစုကြည်တည်းခိုကြောင်း ဧည့်စာရင်းမတိုင်သူ သတိပေးခံရ    
စက်တင်ဘာ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွိုင်ကော်မြို့တွင် တည်းခိုသည့်အကြောင်း ဧည့်စာရင်း တိုင်ကြားရန် ပျက်ကွက်သူ  နန်းထိုက်စံ တည်းခိုခန်းပိုင်ရှင်ကို  ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခေါ်ယူ သတိပေးခဲ့သည်။
မဲဆွယ်ခရီးစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည် ရောက်လာသည့် ထိုနေ့က အလုပ်များသဖြင့် ပုံမှန်လုပ်နေကျ ဧည့်စာရင်း တိုင်ကြားမှု ပျက်ကွက်ခဲ့ခြင်းဖြစ်သည်ဟု တည်းခိုခန်းပိုင်ရှင်က ပြောသည်။  (ကိုးကား - The Daily Eleven)
အမတ်လောင်းစာရင်း အတည်မဖြစ်သေး
စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားသော ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းမှာ "အပြောင်းအလဲ" ရှိလာဦးမည်ဟု  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ညွန်ကြားရေးမှူး ဦးသိန်းဦးကပြောသည်။
အမတ်လောင်း ၆,ဝ၆၃ ဦး ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း ဆက်လက် စာရင်းပြုစုနေဆဲဖြစ်ကြောင်း၊ အယူခံဝင်ထားသည့်အမှုများလည်း ရှိနေကြောင်း သိရသည်။ (ကိုးကား - The Voice Daily)  
စက်တင်ဘာ ၁၅ သတင်းများ
ကိုးကွယ်ယုံကြည်မှု မထိပါးဘဲ မဲဆွယ်ရန် ဦးသိန်းစိန် တိုက်တွန်း
မြန်မာနိုင်ငံတွင် ကိုးကွယ် ယုံကြည်မှု ပေါင်းစုံရှိသည့်အတွက် မဲဆွယ်စည်းရုံးရာတွင် "မတူညီသည့် ကိုးကွယ် ယုံကြည်မှုများကို ထိခိုက် နစ်နာစေသည့် ကိစ္စရပ်များ" မပေါ်ပေါက်စေရေးအတွက် ပါတီများ၊ ပြည်သူများ ဆင်ခြင်တုံတရားရှိစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်သည်ဟု သမ္မတ ဦးသိန်းစိန်၏ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ သဝဏ်လွှာတွင် ဖော်ပြထားသည်။ (ကိုးကား - မြန်မာ့အလင်း)
NLD အစိုးရဖွဲ့နိုင်လျှင် ဝန်ကြီးဌာနအရေအတွက် လျှော့ချမည်
ရွေးကောက်ပွဲ အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်လျှင် ဝန်ကြီးဌာန အရေအတွက်ကို လျှော့ချမည်၊ အဂတိကင်းစင်ရေး ထိထိရောက်ရောက် ဆောင်ရွက်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တနင်္လာနေ့တွင် ထုတ်ပြန်သည့် ရွေးကောက်ပွဲကြေညာစာတမ်းတွင် ဖော်ပြထားသည်။
ပြည်သူများ ရသင့်ရထိုက် သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေမည့် ဥပဒေများ ဖျက် သိမ်းရေး၊ တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီ ရင်ရေးစနစ်ထူထောင်ရေးတို့ကိုလည်း ကြေညာစာတမ်းတွင် ဖော်ပြထားသည်။ (ကိုးကား - 7Day Daily)
တရားခံဖမ်းသည့်ရဲများ ကျဉ်စက်ကိုင်မည်
တရားခံဖမ်းသည့်ရဲများ ဒဏ်ရာရ၊ သေဆုံးမှု ရှိလာသဖြင့် ကျဉ်စက်ကို ခုခံကာကွယ်ရေးလက်နက်အဖြစ် အသုံးပြုသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။
ကျဉ်စက်က နှလုံးရှိသည့် ရင်ဘတ်ကိုထိလျှင် သေဆုံးနိုင်သဖြင့် ကိုင်ဆောင်မည့် ရဲတပ်ဖွဲ့ဝင်များ အသုံးပြုနည်းသင်တန်းတက်ရဦးမည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
စက်တင်ဘာ ၁၄ သတင်းတိုများ
ပြည်ခိုင်ဖြိုးအမတ်လောင်းနှစ်ဦး ပရိသတ်ကို "လက်ဖက်ရည်ဖိုး"ပေး
စက်တင်ဘာ ၈၊ ၁၂ ရက်နေ့တို့တွင် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်း ၂ ဦးအတွက် မဲဆွယ်စဉ် ရောက်လာသည့် ပရိသတ်ကို ကျပ်နှစ်ထောင်နှုန်း ပေးခြင်းမှာ မုန့်ဝယ်ကျွေးရန် အဆင်မပြေသဖြင့် "လက်ဖက်ရည်ဖိုး"ပေးခြင်းဖြစ်သည်ဟု အမတ်လောင်း ဦးနိန်ခင်းပေါင်က ပြောသည်။
ရွေးကောက်ပွဲ ဥပဒေများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ယင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ သဘောတူညီချက်ဖြင့် အခြားသူတစ်ဦးဦးကဖြစ်စေ လာဘ်ပေး၊ လာဘ်ယူမှု ပြုလုပ်ခြင်းကို တရားမဲ့ပြုကျင့်မှုအဖြစ် ပြဋ္ဌာန်းထားသည်။ (ကိုးကား - 7Day Daily)
မြေမြုပ်မိုင်းရှင်းလင်းရေး အစီအစဉ်မူကြမ်းရေးဆွဲပြီးဖြစ်
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း တိုင်းရင်းသားဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်မည့် မြေမြုပ်မိုင်းရှင်းလင်းရေး အစီအမံတစ်ရပ်ကို မူကြမ်း ရေးဆွဲထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးကျော်စိုးလှိုင်က ပြောကြားသည်။
ထိုမူကြမ်းကို နိုင်ငံတကာပညာရှင် ၄ဝ ကျော်ဖြင့် ၆ လကြာရေးဆွဲခဲ့ကြောင်း ၎င်းကဆိုသည်။ (ကိုးကား - Daily Eleven)
ဝ နှင့် မိုင်းလားအဖွဲ့ အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် အစိုးရဖိတ်ခေါ်
အောက်တိုဘာလဆန်းတွင် ချုပ်ဆိုနိုင်ဖွယ်ရှိသည့် တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ်ကို အတူတကွ ပါဝင်လက်မှတ်ရေးထိုးကြရန် အစိုးရထိပ်တန်းကိုယ်စားလှယ်များက ဝ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များကို စနေနေ့က ရှမ်းပြည်နယ် ကျိုင်းတုံမြို့ အစည်းအဝေးတွင် ဖိတ်ကြားခဲ့သည်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုဥက္ကဋ္ဌ ဦးပေါက်ယူရီ၊ မိုင်းလားအထူးဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က ထိုကိစ္စနှင့်စပ်လျဉ်း၍ အစိုးရနှင့် အပြုသဘောဆောင်သည့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ပြန်လည် ပြောဆိုခဲ့သည်။ (ကိုးကား - မြန်မာ့အလင်း)
စက်တင်ဘာ ၁၁ သတင်းများ
ကိုးကန့်တပ်ဖွဲ့နှင့် သမ္မတညှိနှိုင်းနေ
တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်တွင် ပါဝင်ရန် သမ္မတဦးသိန်းစိန်က ကိုးကန့်တပ်ဖွဲ့သို့ တိုက်ရိုက် စာပို့ပြီး ညှိနှိုင်းနေသည်ဟု မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ပြောသည်။
သမ္မတက ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ဦးဆောင်နေသောဝန်ကြီး ၂ ဦးကို တရုတ်နယ်စပ်သို့ စေလွှတ်ပြီး ယခုသီတင်းပတ်အတွင်း ညှိနှိုးစေမည်ဟု ဆိုသည်။  (ကိုးကား - The Messenger)
အမတ်လောင်းအကြောင်း  ဦးဝီရသူ တစ်အိမ်တက်ဆင်းလိုက်ရှင်း
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများအကြောင်းကို စက်တင်ဘာ (၁၀) ရက်နေ့ မှ စတင်ပြီး တစ်အိမ်တက်ဆင်းလိုက်လံ ရှင်းပြနေသည်ဟု  အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (အထက်ဗမာပြည်)၏  ဦးဆောင်ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
အမတ်လောင်းတို့၏ နိုင်ငံရေးခံယူချက်၊ ရည်မှန်းချက်တို့ကို ပြည်သူလူထု သိရှိစေရန် အဓိကရည်ရွယ်သည်ဟု ဆိုသည်။
အမတ်လောင်းများကိုလည်း နိုင်ငံတကာဆက်ဆံရေး၊ ရိုဟင်ဂျာအရေးပေါ်ပေါက်လာပါက ကိုင်တွယ်ရမည့် နည်းလမ်း၊  မဘသ နှင့် မျိုးစောင့်ဥပဒေများအပေါ် အမြင် စသည်တို့နှင့် ပတ်သက်ပြီး   အင်တာဗျူးလျက်ရှိသည်ဟု သိရသည်။ (ကိုးကား - The Messenger)
မျိုးစောင့်ဥပဒေအောင်ပွဲအခမ်းအနားများ  နိုင်ငံအနှံ့ ပြုလုပ်မည်
မျိုးစောင့်ဥပဒေများ အတည်ပြုပြဋ္ဌာန်းနိုင်ခြင်း အထိမ်းအမှတ် အောင်ပွဲအခမ်းအနားများကို တနင်္လာနေ့မှ စတင်ပြီး နိုင်ငံအနှံ့ ပြုလုပ်သွားမည်ဟု  မြန်မာအမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်က ပြောသည်။  (ကိုးကား - ပြည်မြန်မာ)
စက်တင်ဘာ ၁၀ သတင်းများ
မလေးရှားအကျဉ်းစခန်းတွင် ကူးစက်ရောဂါဖြစ်၊ မြန်မာ ၆ ဦးသေဆုံး
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ တရားမ၀င်နေထိုင်သူ နိုင်ငံခြားသားများကို ထားရှိသည့်  စခန်းတစ်ခုတွင် ကူးစက်ရောဂါပိုးတမျိုးကြောင့် မြန်မာနိုင်ငံသား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ယခင်လကလည်း ရောဂါပိုး ကူးစက်ခံရသည့်   ၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ထားကြောင်း  မြန်မာသံရုံး ဒုအတွင်းဝန် ဦးသီဟဟိန်းက ပြောသည်။
ထိုထိန်းသိမ်းရေးစခန်းတွင် ၂၀၀၇ ခုနှစ်ကလည်း အလားတူ ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၇ ဦးသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။
စခန်းတွင် မြန်မာနိုင်ငံသား ၄၀၀ ကျော်ရှိနေပြီး မလေးရှားတနိုင်ငံလုံးရှိ ထိန်းသိမ်းရေးစခန်း  ၁၁ ခုတွင် မြန်မာနိုင်ငံသား ၂,၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)
စစ်အရာရှိဟောင်းများ တရားရေးတွင် ခန့်အပ်မှု ဆန့်ကျင်ခံရ
တပ်မတော်အရာရှိဟောင်းများအား တရားရေးဌာန ထိပ်တန်းရာထူးများတွင်ခန့်အပ်မှု ဆန့်ကျင်ခြင်း လှုပ်ရှားမှုကို နေပြည်တော်ရှိ ရှေ့နေတချို့က စက်တင်ဘာ ၉ တွင် စတင်လိုက်သည်။
ရင်ဘတ်တွင် ဖဲကြိုးဝါတပ်ဆင်သည့် ထိုလှုပ်ရှားမှုကို နိုင်ငံအနှံ့ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဇော်က ပြောသည်။
ယခင်လကလည်း စစ်အရာရှိတချို့အား ကျန်းမာရေးဌာန ထိပ်တန်းရာထူးများ ခန့်အပ်မှု ပေါ်ပေါက်လာရာ လက်မခံနိုင်သူများက ကန့်ကွက်ခဲ့သဖြင့် ခန့်အပ်မှု ပြန်လည် ရုပ်သိမ်းသွားသည်။ (ကိုးကား - စံတော်ချိန်)
ကလေးများကိုမလေးရှားပို့ပြီးတောင်းရမ်းမှု ရဲတပ်ဖွဲ့ဖော်ထုတ်
ကလေးများကို မလေးရှားနိုင်ငံသို့ပို့ပြီး  တောင်းရမ်းစေခိုင်းသည့်ဂိုဏ်းတွင် ပါဝင်သည်ဟုယူဆရသူ လင်မယားနှစ်ဦးကို ရန်ကုန်တွင် စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ၊ ဒလ၊ သန်လျင်၊ တွံတေးမြို့နယ်တို့မှ ကလေး ၉ ဦးကို မလေးရှားပို့ခဲ့သည့် ထိုဂိုဏ်းမှ အဓိက စေခိုင်းသူတို့ကို ဖမ်းဆီးရမိခြင်း မရှိသေးဟု ဆိုသည်။ (ကိုးကား - The Voice)
စက်တင်ဘာ ၉ သတင်းများ
အမတ်လောင်း သမ္မတရုံးဝန်ကြီးကို NLD ကန့်ကွက်မှု အလုပ်မဖြစ်
နိုင်ငံသားဖြစ်တည်မှုနှင့်ပတ်သက်ပြီး NLD က ကန့်ကွက်ထားသော သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်၏နောက်ကြောင်းကို အသေးစိတ်စစ်ဆေးခဲ့ခြင်းမရှိသော်လည်း  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုလိုက်ပြီဖြစ်သောကြောင့်    NLD ကန့်ကွက်ချက်ကို လက်ခံစဉ်းစားမည်မဟုတ်ဟု မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
၁၉၄၈ ခုနှစ်တွင်မွေးဖွားသူဦးသိန်းညွှန့်၏ မိဘများမှာ တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာသူများဖြစ်ကြောင်း၊   ဖခင်မှာ နိုင်ငံသားမဖြစ်မီ  ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ကြောင်း ကန့်ကွက်စာတစ်စောင်တွင် ဖော်ပြထားသည်။
ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကလည်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်အရာရှိဟောင်း ဦးသိန်းညွှန့်နှင့် ပတ်သက်ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း  ပြောသည်။  (ကိုးကား - မြန်မာတိုင်းမ်)
ခင်ပွန်းများကြောင့် အမျိုးသမီးအမတ်လောင်း အရေအတွက်ကျဆင်း
ဝံသာနု ဒီမိုကရေစီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီး ဦးရေ ၂ဝ ပါဝင်ရန် စီစဉ်ခဲ့သော်လည်း အိမ်ထောင်ဘက်များနှင့် ပတ်ဝန်းကျင်က ကန့်ကွက်သဖြင့် ၃ ဦးသာ ကျန်ရှိသည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာကပြောသည်။
ပါတီ၏ မူဝါဒထဲတွင် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ်(၃၀)ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး  စသည့် အချက်များ ပါဝင်သည်။ (ကိုးကား - The Messenger )
လိုင်စင်မရှိဘဲ ဒေါ်လာသုံးသည့်လုပ်ငန်းများကို နှစ်ကုန်ပိုင်းတွင်အရေးယူမည်
ကျပ်ငွေအစား ဒေါ်လာအသုံးပြုမှု တွင်ကျယ်နေခြင်းကို နှစ်ကုန်ပိုင်းတွင် စတင် အရေးယူတော့မည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ပြင်ဆင်ချိန် ၂ လ ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။
ဈေးနှုန်းကို ဒေါ်လာဖြင့် သီးခြားဖော်ပြသော၊ ဒေါ်လာနှင့်ကျပ် နှစ်မျိုးစလုံးလက်ခံသော လုပ်ငန်းတို့ကို ရန်ကုန်ရှိ နေရာအများအပြားတွင် တွေ့ရသည်။
 နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုး မရှိဘဲ ဝန်ဆောင်မှုကိုနိုင်ငံခြားငွေဖြင့်လက်ခံသူသည် ငွေဒဏ်၊ သုံးနှစ်ထက်မပိုသောထောင်ဒဏ်တို့နှင့် ရင်ဆိုင်ရမည်ဟု  ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။   (ကိုးကား - မြန်မာတိုင်းမ်)
စက်တင်ဘာ ၈ သတင်းများ
သူရဦးရွှေမန်းအတွက် NLD တံခါးဖွင့်ထား
သူရဦးရွှေမန်း ဘက်ပြောင်းမည်ဆိုပါက ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့တွင် ပြောလိုက်သည်။
သို့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို NLD ၏ သမ္မတလောင်းအဖြစ် သတ်မှတ်ရေးမှာ ပါတီအတွင်း ပြဿနာ များစွာ ရှိလာနိုင်သည်ဟု  ဦးဥာဏ်ဝင်းက ပြောသည်။ (ကိုးကား - The Voice Daily)
အသက် ၁၅ နှစ်အထက် စာမတတ်သူ အရေအတွက် သုံးသန်းခွဲရှိ
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် စာမတတ်သူ အရေအတွက် သုံးသန်းခွဲရှိသည်ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သည့် သန်းခေါင်စာရင်း ပညာရေးအခြေအနေကဏ္ဍတွင် ဖော်ပြထားသည်။
စာမတတ်သူများထဲတွင် အမျိုးသမီးဦးရေက သုံးပုံနှစ်ပုံရှိကြောင်း၊  အများစုမှာ ကျေးလက်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။ (ကိုးကား - Democracy Today)
ချင်းတွင်းမြစ်ဘေးမှ ရွာ ၂ဝဝ ကျော် ရေလွှမ်း
စက်တင်ဘာ ၁ နောက်ပိုင်း ချင်းတွင်းမြစ်ရေကြီးသဖြင့် မြို့ ၇ မြို့ရှိ ကျေးရွာပေါင်း ၂ဝဝ ကျော် ရေလွှမ်းခံရပြီး ဒေသခံများ ကယ်ဆယ်ရေးစခန်းများသို့ ရောက်နေကြောင်း အာဏာပိုင်တို့က ပြောသည်။
ဇူလိုင်၊ သြဂုတ်လတို့တွင်   ရေကြီးခဲ့သော ချင်းတွင်းမြစ်သည် ယခု ဒုတိယအကြိမ်တွင် စက်တင်ဘာ ၉ တိုင်အောင် စိုးရိမ်ရေမှတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားသည်။ (ကိုးကား - Democracy Today)
စက်တင်ဘာ ၇ သတင်းများ
တိုင်းရင်းသားဒေသတွင် ဝင်ပြိုင်ရခြင်းအကြောင်းရင်း ဒေါ်စုရှင်းလင်း
အာဏာရပါတီ ကိုယ်စားလှယ်တို့က တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များတွင် အရွေးခံမည်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က  ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ဒေသခံတို့နှင့် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
NLD က ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံး ရရှိလိုသည်ဟု သူက  ဆက်ပြောသည်။ (ကိုးကား - The Voice Daily) 
ရွေးကောက်ပွဲကာလ ရခိုင်ဒေသလုံခြုံရေး တိုးမြှင့်မည်
နိုဝင်ဘာရွေးကောက်ပွဲ ကာလတွင်  ရခိုင်ပြည်နယ်အတွင်းသို့ အကြမ်းဖက်  အဖွဲ့များ ဝင်ရောက်လာနိုင်သဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင်
လုံခြုံရေး တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက  စစ်တွေမြို့တွင် လူမှုရေးအဖွဲ့အစည်းများနှင့် စက်တင်ဘာ ၄ ရက်နေ့က တွေ့ဆုံစဉ် ပြောလိုက်သည်။
ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် ဆောင်ရွက်နိုင်သောကြောင့် သံဃာတော်များ၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက သတိထားစောင့်ကြည့်ရန်လည်း သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - Democracy Today)
သတ်မှတ်ရက်မတိုင်ခင် ဝန်ကြီးတစ်ဦးမဲဆွယ်နေဟု NLD စွပ်စွဲ 
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို သတ်မှတ်ထားသည့်ရက်မတိုင်မီ မဲဆွယ်မှုဖြင့်  ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့ တရားဝင်မဲဆွယ်ခွင့်ကာလ မတိုင်ခင် ၄ ရက်အလိုတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သူဝင်ပြိုင်မည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွင်း "ကိုယ်စားလှယ်ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" စာတန်းပါ လက်ဆောင်ပစ္စည်းများ ပေးခဲ့သည်ဟု NLD က ပြောသည်။ (ကိုးကား - The Daily Eleven)
စက်တင်ဘာ ၄ သတင်းများ
စစ်သား၊ ရဲ၊ ဝန်ထမ်းများကို လူ့အခွင့်အရေးပညာပေးမည်
ကာကွယ်ရေး၊ ပြည်ထဲရေး အပါအဝင် ဌာနတချို့မှ ဝန်ထမ်းများကို လူ့အခွင့်ရေး ပညာပေး သင်တန်းပေးမည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောသည်။
ယခုလ စတင်အကောင်အထည်ဖော်သည့် ၃ ရက် သင်တန်း တက်ရမည့်သူများထဲတွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်သည်ဟု ဆိုသည်။ ဇူလိုင်လအတွင်း ကော်မရှင်သို့ ရောက်လာသော စာ ၁၁၇ စောင်တွင် ဝန်ထမ်းများ ပါဝင်ပတ်သက်သည့် အမှု ၄၉ မှု ရှိသည်။ (ကိုးကား - The Messenger Daily)
စစ်ကိုင်းတွင် နေရာရွှေ့ရမည့် ရေဘေးသင့်ရွာ ၂ဝ နီးပါးရှိ
ရေတိုက်စားခြင်း၊ နုန်းအနယ်ကျခြင်း၊ သဲဖုံးခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ရွာ ၂ဝ နီးပါးမှ ဒေသခံများကို နေရာပြောင်းရွှေ့ပေးမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။
တမူး၊ ကလေး၊ ကလေးဝမြို့နယ်တို့တွင် ပါဝင်သော ထိုကျေးရွာများ ပြောင်းရွှေ့ရေး ၎င်းလုပ်ငန်းစဉ်ကို အောက်တိုဘာ ၃ဝ နောက်ဆုံးထား လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (ကိုးကား - Democracy Today)
မန္တလေးတွင် လုံခြုံရေးကင်မရာ ၄ဝ တပ်ဆင်မည်
လုယက်မှုကျူးလွန်ရာမှ လူသေဆုံးသည်အထိ ဖြစ်ပေါ်နေသည့် မန္တလေးမြို့တွင် လူစည်ကားသည့်နေရာများကို လုံခြုံရေးကင်မရာ ၄ဝ တပ်ဆင်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၃ လအတွင်း အပြီးတပ်ဆင်မည့် ထိုကင်မရာများကြောင့် ပြစ်မှုကျူးလွန်မည့်သူကို အဟန့်အတား ဖြစ်စေနိုင်မည်ဟု ဒေသခံတို့က ယူဆကြသည်။
ယာဉ်စည်းကမ်းဖောက်သူကိုလည်း ကင်မရာမှတ်တမ်းမှတစ်ဆင့်ခြေရာခံပြီး အရေးယူသွားမည်ဟု မြို့တော်ဝန်က ပြောသည်။ (ကိုးကား - The Voice Daily)
ဒုက္ခသည်များအတွက် “စံပြကျေးရွာ”
ငွေပျော်စံပြကျေးရွာမှ ကလေးများ (ဓာတ်ပုံ - ခွန်းလတ် / Myanmar Now)
အိချယ်ရီအောင်  
မြစ်ကြီးနား (Myanmar Now) - ကချင်ပြည်နယ် တောင်ပြာတန်းတွေကြားထဲက ငွေပျော်စံပြကျေးရွာကို ဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသောလမ်းကတော့ မိုးတွင်းမှာ ဗွက်ထူတဲ့ မြေနီလမ်းလေးဖြစ်ပြီး မြစ်ကြီးနားမြို့ကနေ တစ်နာရီခွဲကြာအောင် ကားနဲ့သွားရပါတယ်။
အစိုးရက ၂ဝ၁၄ မေလမှာ ထူထောင်ပေးတဲ့ ဒီစံပြကျေးရွာမှာ အရိပ်ရအပင်ကြီးများ မရှိပါဘူး။ ပုံစံတူအိမ် ၃ဝဝ နီးပါးကို တွေ့ရပါတယ်။ စံပြရွာရဲ့မြေသားက ဂဝံမြေဖြစ်တဲ့အတွက် စိုက်ပျိုးလုပ်ကိုင်စားသောက်ရေး မအောင်မြင်ရုံသာမက နေ့စားအလုပ်အကိုင်ကလည်း ရှားပါးတဲ့အတွက် အပိုငွေရှာဖို့ မလွယ်ဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။
“တစ်လလုံးနေမှ သုံးလေးကြိမ်လောက်ပဲ နေ့စားလုပ်လို့ ရပါတယ်။ နေ့စားလုပ်လို့ ရတဲ့ငွေကို လည်းချက်ချင်း မရှင်းပေးပါဘူး။ အလုပ်လုပ်ပြီး သုံးလေးရက်ကြာမှရှင်းပေးပါတယ်” လို့ အသက် ၂၇ နှစ်အရွယ် မလဲ့ဝေခိုင်က ပြောပြပါတယ်။
စံပြရွာရောက်နေသူတွေထဲက တချို့လည်း ပယင်းကျောက် လက်ဝတ်ရတနာပစ္စည်း ထုတ်လုပ်တဲ့ အိမ်တွင်းမှုလုပ်ငန်း၊ အနီးအနား ရာဘာခြံများမှာ နေ့စား၊ သုံးဘီးနဲ့ ဆိုင်ကယ်တက္ကစီမောင်းခြင်း စသဖြင့် လုပ်ကိုင်ပြီး ငွေရှာကြတယ်လို့ သူက ရှင်းပြပါတယ်။
မိသားစုဝင်တွေ အလုပ်အကိုင်ရှာဖွေရင်းနဲ့ တစ်ကွဲတစ်ပြား ဖြစ်သွားကြရာမှာ စံပြရွာ လူလတ်ပိုင်းအများစုက မြစ်ကြီးနားနဲ့ တခြားမြို့ကြီးတွေအထိ သွားကြပါတယ်။
အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ချိုကြည်ကတော့ ရွာထဲမှာ အဝတ်လျှော်၊ တောထဲထင်းသွားခွေတဲ့နည်းနဲ့ အပိုငွေနည်းနည်း ရှာနိုင်သူပါ။ သူ့မိသားစုဝင်တွေလည်း ဟိုရောက်ဒီရောက်ပါပဲ။
“ကျွန်မ သမီးက ပယင်းအတိုအစလေးတွေယူပြီး ရန်ကုန်မှာသွားရောင်းပါတယ်။ မြေးမလေးနဲ့  ကျွန်မ နှစ်ယောက်တည်း ကျန်ခဲ့တာပါ” လို့ သူက ပြောပါတယ်။
သူက ပယင်းကျောက်သွေးတဲ့အလုပ်နဲ့ အနီးအနားခြံများမှာ နေ့စားသွားလုပ်လိုပေမဲ့ သူ့အသက်အရွယ်ကြောင့် သူ့ကိုအလုပ်ပေးမယ့်သူ မရှိဘူးလို့ ဆိုပါတယ်။
ဝိုင်းမော်ဒုက္ခသည် စခန်းကနေ စံပြရွာ ရောက်လာသူ ဒေါ်လဲ့ဝေခိုင်က ရွာကနေ ခွာဖို့ ခက်ခဲနေပါတယ်။ ကားမတော်တဆမှုတစ်ခုမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့ သူ့ညီမကို ထားခဲ့ပြီး မြို့မှာ အလုပ်သွားလုပ်ဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။
ထရံကာသွပ်မိုးအိမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရွာအတွက် သောက်သုံးရေကန်က သုံးကန် ရှိပါတယ်၊ တစ်ရွာလုံးအတွက် တစ်ခုတည်းသော ဆေးခန်းကတော့ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လွန်ခဲ့တဲ့လအနည်းခန့်အထိ တာဝန်ယူခဲ့သူ ဦအောင်ဆွေရဲ့အိမ်မှာပါ။
“နေရေးအတွက်တော့ ပူစရာမလိုပေမဲ့ စားရေးအတွက်တော့ပူနေရတယ်” လို့ ဦးအောင်ဆွေက ပြောပါတယ်။
သို့ပေမဲ့ အမိုးအကာ ဆွေးမြည့်လာကြတဲ့ ရွာထဲကအိမ်တွေကို ဒီမိုးတွင်းအလွန်မှာ ပြန်လည်ပြုပြင်သင့်ပြီလို့ သူက ဆိုပါတယ်။
၂ဝ၁၁ နောက်ပိုင်း မြန်မာပြည်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားတဲ့ စစ်ရေးပဋိပက္ခကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားတွေကို နေရာပေးဖို့ ဆိုပြီး အစိုးရက ငွေပျော်စံပြရွာကို စစ်ရှောင်စခန်းတွေနဲ့ မတူတဲ့ ခိုလှုံစရာနေရာတစ်ခုအဖြစ် ထူထောင်ခဲ့တာပါ။
စစ်ပွဲ ၄ နှစ်ကြာမှာတော့ ကချင်နဲ့ရှမ်းပြည်မြောက်ပိုင်းဘက်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရပ်သားအရေအတွက် တစ်သိန်းကျော် ရှိလာပါပြီ။ အဲဒီထဲက ထက်ဝက်ခန့်ဟာ အစိုးရထိန်းချုပ်နယ်မြေထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတယ်၊ ကျန်တဲ့ထက်ဝက်က ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေထဲက စခန်းတွေမှာ ခိုလှုံနေကြတယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)ရဲ့ စာရင်းတွေအရ သိရပါတယ်။
အစိုးရထိန်းချုပ်နယ်မြေထဲမှာတော့ ကုလသမဂ္ဂနဲ့  နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက ထောက်ပံ့နေပါတယ်။ သူပုန်ထိန်းချုပ်နယ်မြေတွေကိုတော့ အစိုးရရဲ့ ကန့်သတ်ချက်တွေ ရှိတာကြောင့် လက်လှမ်းမမီနိုင်ပါဘူး။
ငွေပျော်မှာတော့ ဒုက္ခသည်တစ်ဦးကို ကျပ် ၁၂,၅ဝဝ လစဉ် ထောက်ပံ့တယ်လို့ ရန်ကုန် UNOCHA က ဆိုပါတယ်။ ဝိုင်းမော်၊ သာကရ၊ မြစ်ကြီးနား၊ မိုင်းနား စတဲ့ မြို့တွေကနေ စစ်ရှောင်လာကြတဲ့ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသားတချို့ ငွေပျော်မှာ ရှိနေတာပါ။
ဝိုင်းမော်မြို့နယ်၊ နမ့်ဆာရမ်ကျေးရွာကနေ တိမ်းရှောင်လာရတဲ့ဒေါ်ခင်ချိုကြည်က လွန်ခဲ့တဲ့ လေးနှစ် ဇွန်လရဲ့ မနက်ခင်းတစ်ခုမှာ “ဝုန်း” “ဒိုင်း” ဆိုတဲ့ သေနတ်သံ၊ ဗုံးသံတွေကြောင့် သူတို့မိသားစုပိုင်တဲ့ လက်ဖက်ရည်ဆိုင်ကို ပစ်ထားပြီး တခြားသော ဒေသခံတွေလိုပဲ မြို့ပေါ်က ဒုက္ခသည်စခန်းကို ဦးတည် ထွက်ခွာခဲ့သူပါ။
“ရွာက ထွက်ပြေးတုန်းက မသေအောင်မနည်း အသက်လုပြီး ပြေးခဲ့ရတာ၊ ဘာပစ္စည်းမှ ယူချိန် မရလိုက်ဘူး” လို့ ဒေါ်ခင်ချိုကြည်က ပြန်ပြောပြပါတယ်။
အိမ်ထောင်ကျပြီးနောက်ပိုင်း ကချင်ပြည်နယ်ရောက်လာတဲ့ ရန်ကုန်သူ ဒေါ်ခင်ချိုကြည်က ဒုက္ခသည်စခန်းမှာ ၃ နှစ်ဝန်းကျင် ခိုလှုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒေသခံအာဏာပိုင်တို့ ထူထောင်ပေးတဲ့ “စံပြကျေးရွာ” ကို ပြောင်းရွှေ့နေထိုင်သူတွေထဲမှာ ဒေါ်ခင်ချိုကြည်တို့ မိသားစုလည်း ပါဝင်သွားပါတယ်။
ငွေပျော် အပါအဝင် ကချင်ပြည်နယ် ဒေသအသီးသီးရှိ စစ်ဘေးရှောင်သူများနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို မေးမြန်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းပေမဲ့လည်း အဆက်အသွယ် လုပ်လို့ မရသေးပါဘူး။
စံပြကျေးရွာထက် ပိုမို ကောင်းမွန်တဲ့ အစီအစဉ်တွေကို အကောင်အထည် ဖော်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်မှာ လုပ်ကိုင်နေတဲ့ ဒေါ်ခွန်ဂျာက မှတ်ချက်ပြုပါတယ်။
“ငွေပျော်စံပြကျေးရွာ တည်ထောင်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့က ပိုအရေးကြီးပါတယ်။ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပစ်ရပ်မှ သူတို့ ပြန်နိုင်မှာပါ” လို့ သူက Myanmar Now ကို ပြောပါတယ်။ ။
မူရင်းလင့်ခ် - 
http://www.myanmar-now.org/my/news/i/?id=1b450855-9d52-48f6-9bb3-e649660d8aab
စက်တင်ဘာ ၃ သတင်းများ
လွတ်ငြိမ်းချမ်းသာခွင့်ကို သတိထားဆောင်ရွက်မည်
သမ္မတအမိန့်ဖြင့် ထောင်မှလွတ်မြောက်သွားသူ အများအပြား နောင်တ မရဘဲ ပြစ်မှုပြန်လည်ကျူးလွန်ကြသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျော့ပေးခြင်းတို့ကို အထူးအလေးထားပြီး ဆောင်ရွက်တော့မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တရားခံပြေးလိုက်လံဖမ်းဆီးသည့် ရဲနှစ်ဦး ဓားထိုးခံရသည့်သတင်း ထွက်ပေါ်လာပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ (ကိုးကား - The Messenger)
ပြည်ပရောက်မြန်မာနှစ်သန်းကျော် မဲပေးခွင့်လွဲချော်
ပြည်ပရောက် မြန်မာနိုင်ငံသား နှစ်သန်းကျော်ရှိသော်လည်း  အဝေးရောက်မဲပေးရန်အတွက် နောက်ဆုံးသတ်မှတ်ချိန်အမီ စာရင်းပေးသွင်းနိုင်သူမှာ ၁၈,ဝဝဝ ခန့်သာရှိကြောင်း  ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက  စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
 ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပရောက် နိုင်ငံသား ၂,ဝ၂၁,၉ဝဝ ရှိကြောင်း သိရသည်။ (ကိုးကား - စံတော်ချိန်)
 ရေဘေးသင့်ဒေသတွင် လိုအပ်ပါက ရွေးကောက်ပွဲရက်ရွှေ့မည်
ရေဘေးသင့်ဒေသများ၏ လမ်းပမ်းဆက်သွယ်ရေး အခြေအနေကို  စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ယင်းဒေသများတွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သမ္မတက ဇူလိုင် ၃၁ ရက်နေ့တွင် ကြေညာထားသည်။ (ကိုးကား -  The Voice Daily)
စက်တင်ဘာ ၂ သတင်းများ
နိုင်ငံလူဦးရေ ၂ သန်းကျော် ဆီးချိုသွေးချိုဖြစ်ပွားနေ
ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူထားသော စစ်တမ်းတစ်ခုအရ နိုင်ငံအတွင်း ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနေသူ ၂ ဒသမ ၅ သန်း ရှိသည်ဟု
သိရကြောင်း မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဒုဥက္ကဋ္ဌ ပါမောက္ခဦးတင့်ဆွေလတ်က ပြောသည်။
ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိပါက၅ နှစ်အတွင်း ဆီးချို၊ သွေးချိုရောဂါရှင်အရေအတွက် ၂ သန်း ထပ်တိုးလာနိုင်သည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Messenger)
ကြိုတင်မဲများ နိုဝင်ဘာ ၆ တွင် ပေးနိုင်
၂ဝ၁၅ ရွေးကောက်ပွဲများအတွက် ကြိုတင်မဲကို နိုဝင်ဘာ ၆ ရက်နေ့၌ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပေးနိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က စက်တင်ဘာ ၁ ရက်နေ့တွင် ပြောသည်။
ပြည်ပရောက်နေသူများက မြန်မာသံရုံးများတွင် အောက်တိုဘာတစ်လလုံး ကြိုတင်မဲပေးပေးနိုင်သည်ဟု ဆိုသည်။ (ကိုးကား - မြန်မာတိုင်းမ်)
ကန့်ကွက်ခံနေရသည့် အမတ်လောင်း ၈၈ ဦး ရှိ
ရွေးကောက်ပွဲဝင်ရန် လျှောက်ထားသူများထဲတွင် ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းကြောင်း ကန့်ကွက်ခံရသူ ၈၈ ဦး ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၁ ရက်နေ့တွင် ပြောလိုက်သည်။
ကန့်ကွက်ခံရသူများ ၇ ရက်အတွင်း အယူခံဝင်နိုင်သည်ဟု သိရသည်။ (ကိုးကား - စံတော်ချိန်)
Archive