အောက်တိုဘာ ၁ သတင်းများ


ဘာသာရေးအဖွဲ့ကို အရေးမယူနိုင်ကြောင်း ရွေးကော်ပြော

အမတ်လောင်းတစ်ဦးဦးကို မဲမပေးရန် လှုံ့ဆော်သော ဘာသာရေးအဖွဲ့များကို ရွေးကောက်ပွဲဥပဒေနှင့်  အရေးယူနိုင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။
ဘာသာရေးအဖွဲ့များကို ကိုင်တွယ်ရေးမှာ သာသာနာရေး ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်ကြောင်း  သူက ဆက်ပြောသည်။
မည်သူမဆို ဘာသာရေးကို အကြောင်းပြပြီး မဲပေးရန်၊ မဲမပေးရန် လှုံ့ဆော်ကြောင်း ထင်ရှားလျှင် ငွေဒဏ် ၁ သိန်း၊ ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ကြောင်း ရွေးကောက်ပွဲဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - The Voice Daily)

နိုင်ငံရေး၊ စစ်ရေးကြောင့် အပစ်ရပ်စာချုပ်တွင် အားလုံး မပါဝင်နိုင်သေး

နိုင်ငံရေး၊ စစ်ရေးအခြေအနေ အမျိုးမျိုးကြောင့် တစ်နိုင်ငံရေး အပစ်ရပ်ရေး သဘောတူစာချုပ်ကို အဖွဲ့အားလုံး အတူတကွ လက်မှတ်ထိုးနိုင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိပ်သီးခေါင်းဆောင်များက  ဗုဒ္ဓဟူးနေ့တွင်  ကြေညာလိုက်သည်။
လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ၃ ရက်ကြာ ဆွေးနွေးပြီးနောက် ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးရန် အသင့်ဖြစ်နေသည့်အဖွဲ့ ၇ ဖွဲ့ ရှိသည်။ (ကိုးကား - The Daily Eleven)

အမတ်လောင်း သမ္မတရုံးဝန်ကြီး၏နောက်ကြောင်းကို ရွေးကော် စုံစမ်းနေ

မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်  သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်၏ မိဘများနှင့် ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးဌာနသို့ စုံစမ်း  မေးမြန်းထားကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက  ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။

ဦးသိန်းညွှန့်၏ မိဘများမှာ တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာသူများဖြစ်ပြီး၊   ဖခင်မှာ နိုင်ငံသားမဖြစ်မီ  ကွယ်လွန်သွားသောကြောင့် ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ဦးသိန်းညွှန့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိဟူသော အချက်များ ပါဝင်သော တိုင်ကြားစာကို ကော်မရှင်က လက်ခံရရှိထားသည်။

ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဟု အတည်ပြုနိုင်ပါက ဦးသိန်းညွန့် ရွေးကောက်ပွဲတွင် အနိုင်ရရှိလျှင်ပင် ကော်မရှင်က ထိုရလဒ်ကို အတည်ပြုမည်မဟုတ်ဟု  ဦးဝင်းကိုက ပြောသည်။   (ကိုးကား - 7Day Daily)

Archive