သူရဦးရွှေမန်းအတွက် NLD တံခါးဖွင့်ထား
သူရဦးရွှေမန်း ဘက်ပြောင်းမည်ဆိုပါက ပါတီဝင်အဖြစ် လက်ခံနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဥာဏ်ဝင်းက တနင်္လာနေ့တွင် ပြောလိုက်သည်။
သို့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို NLD ၏ သမ္မတလောင်းအဖြစ် သတ်မှတ်ရေးမှာ ပါတီအတွင်း ပြဿနာ များစွာ ရှိလာနိုင်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ (ကိုးကား - The Voice Daily)
အသက် ၁၅ နှစ်အထက် စာမတတ်သူ အရေအတွက် သုံးသန်းခွဲရှိ
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် စာမတတ်သူ အရေအတွက် သုံးသန်းခွဲရှိသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သည့် သန်းခေါင်စာရင်း ပညာရေးအခြေအနေကဏ္ဍတွင် ဖော်ပြထားသည်။
စာမတတ်သူများထဲတွင် အမျိုးသမီးဦးရေက သုံးပုံနှစ်ပုံရှိကြောင်း၊ အများစုမှာ ကျေးလက်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။ (ကိုးကား - Democracy Today)
ချင်းတွင်းမြစ်ဘေးမှ ရွာ ၂ဝဝ ကျော် ရေလွှမ်း
စက်တင်ဘာ ၁ နောက်ပိုင်း ချင်းတွင်းမြစ်ရေကြီးသဖြင့် မြို့ ၇ မြို့ရှိ ကျေးရွာပေါင်း ၂ဝဝ ကျော် ရေလွှမ်းခံရပြီး ဒေသခံများ ကယ်ဆယ်ရေးစခန်းများသို့ ရောက်နေကြောင်း အာဏာပိုင်တို့က ပြောသည်။
ဇူလိုင်၊ သြဂုတ်လတို့တွင် ရေကြီးခဲ့သော ချင်းတွင်းမြစ်သည် ယခု ဒုတိယအကြိမ်တွင် စက်တင်ဘာ ၉ တိုင်အောင် စိုးရိမ်ရေမှတ်အထိ ရှိနိုင်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားသည်။ (ကိုးကား - Democracy Today)