ကချင်ဒေသ မဲရုံပေါင်းတစ်ရာကျော် ဖွင့်နိုင်မည်မဟုတ်
တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်တွင် လျာထားသည့် မဲရုံပေါင်း ၈၂၃ ခုထဲမှ ၁ဝဝ ကျော်ကို နယ်မြေလုံခြုံရေးအခြေအနေအရ ဖွင့်နိုင်တော့မည် မဟုတ်ကြောင်း ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။
ရွာတချို့ ပျက်သွားပြီး တချို့မှာ ကချင်လွတ်မြောက်ရေးတပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု သူက ပြောသည်။
ထိုဒေသမှ ပြည်သူများ တခြားမဲရုံများတွင် မေးပေးခွင့်ရရေး အာဏာပိုင်တို့ စီစဉ်ပေးသင့်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။ (ကိုးကား - 7Day Daily)
မက္ကာလူအုပ်တိုးဝှေ့မှုကြောင့် သေဆုံးသူများထဲတွင် မြန်မာပြည်မှ ၅ ဦး ပါဝင်
ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ဘုရားဖူးသွားသူများ အချင်းချင်း ကြာသပတေးနေ့က တိုးကြိတ်မိသဖြင့် သေဆုံးသွားသူ ၇ဝဝ ကျော်ထဲတွင် မြန်မာပြည်မှ ၅ ဦး အနည်းဆုံး ပါဝင်သည်ဟု မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (MMNF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကိုကိုလတ်ကပြောသည်။
၁၉၉ဝ ပြည့်နှစ် မက္ကာမြို့ဘုရားဖူးခရီးစဉ်အတွင်း ယခုကဲ့သို့ မတော်တဆမှု ဖြစ်ပေါ်စဉ်ကလည်း မြန်မာပြည်မှ ဘုရားဖူး ၂ ဦး သေဆုံးသည်ဟု MMNF ထံမှ သိရသည်။ (ကိုးကား - Myanmar Times)
ပုဒ်မ ၅၉(စ) မပြင်လိုသူကို မဲပေးရန် မဘသတိုက်တွန်း
သမ္မတ အရည်အချင်းသတ်မှတ်ချက် ပါဝင်သော အခြေခံဥပဒေ ပုဒ် ၅၉ (စ) မပြင်လိုသည့် အမတ်လောင်းကိုသာ မဲပေးကြရန် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး(ဗဟို) မှ ဥပဒေအကြံပေး ဦးအေးပိုင်က ထားဝယ်မြို့တွင် တနင်္ဂနွေနေ့ကပြုလုပ်သည့် မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားတွင် ပြောလိုက်သည်။
ထို့အပြင် ကိုယ်စားလှယ်လောင်းသည် ဗုဒ္ဓဘာသာ မကိုးကွယ်သော၊ မျိုးစောင့်ဥပဒေကို မထောက်ခံသောအမတ်လောင်းကို မဲပေးခြင်း မပြုရန်လည်း သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - 7Day Daily)