စက်တင်ဘာ ၂၄ သတင်းများ

မြန်မာကလေး ၁ဝ သန်းကျော် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရ
မိသားစု တစ်ဦးချင်းနေ့စဉ်ဝင်ငွေ နှစ်ဒေါ်လာအောက်သာ ရှိခြင်းကြောင့် မြန်မာကလေးငယ် ၁ဝ သန်းကျော် ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရကြောင်း  Unicef နှင့် Save The Children အဖွဲ့တို့က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။
လူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် ကလေးများဖြစ်ပြီး သုံးပုံတစ်ပုံနီးပါးသည် သန့်ရှင်းသော သောက်သုံးရေမရရှိ၊ လေးပုံတစ်ပုံသည် အိမ်သာသုံးစွဲနိုင်ခြင်းမရှိကြောင်း ထိုအဖွဲ့များမှ တာဝန်ရှိသူတို့က ပြောသည်။  (ကိုးကား - The Voice Daily)

ဝန်ကြီးဦးမြင့်လှိုင်နောက် တောင်သူ ၁၅ ဦး တကောက်ကောက်လိုက်
လွှတ်တော်ကိုယ်စားလှယ်လောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် မဲဆွယ်စဉ်   ၎င်း၏ဇနီးအမည်ပေါက်နေသော သိမ်းဆည်းခံလယ်မြေများအရေး ဖြေရှင်းပေးရန် ဒေသခံတစ်ဦး၏ တောင်းဆိုမှုနှင့် ရင်ဆိုင်ခဲ့ရသည်။
လယ်သိမ်းခံရသော နေပြည်တော်ဒေသခံ ၁၅ ဦးက ဝန်ကြီး မဲဆွယ်သည့်နေရာတိုင်းသို့ လိုက်ပါမေးမြန်းလျက်ရှိရာ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ထဲမှ တစ်ဦး မေးခွန်းထုတ်ခွင့် ရခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဝန်ကြီးက  ထိုမြေများမှာ သစ်တောမြေအဖြစ် စာရင်းပေါက်ခဲ့ကြောင်း၊ တောင်းဆိုလိုပါက ရဲစခန်းတွင် အမှုဖွင့်နိုင်ကြောင်း မေးခွန်းထုတ်သူကို ပြန်လည် ဖြေကြားခဲ့သည်။  (ကိုးကား - The Daily Eleven)
မဲစာရင်းကြေညာသည့်ရက် ရေဘေးသင့် ၁၄ မြို့နယ်တွင် တိုးမြှင့်
ရေဘေးသင့်ဒေသများအနက် မြို့နယ် ၁၄ ခုအတွက် မဲစာရင်းထုတ်ပြန်ကြေညာသည့်ရက်ကို  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ဗုဒ္ဓဟူးနေ့တွင် တိုးမြှင့်သတ်မှတ်လိုက်သည်။
မတူပီ၊ ဟားခါး၊ တွန်းဇံတို့ကို  အောက်တိုဘာ ၁ဝ အထိ၊  မုံရွာ၊ ဆားလင်းကြီး၊  ကနီ၊ မော်လိုက်၊ ဖောင်းပြင်တို့ကို အောက်တိုဘာ ၂  အထိ၊ စေတုတ္တရာ၊ မြင်းခြံ၊  ဟင်္သာတ၊ ဇလွန်၊ မြန်အောင်တို့ကို  အောက်တိုဘာ ၄ အထိ၊ အင်္ဂပူကို စက်တင်ဘာ ၃ဝ အထိ တိုးမြှင့်ထားသည်။


မူလ သတ်မှတ်ရက်မှာ စက်တင်ဘာ ၁၄ မှ ၂၇ အထိ ဖြစ်သည်။  (ကိုးကား - 7Day Daily)

Archive