စက်တင်ဘာ ၁၀ သတင်းများ

မလေးရှားအကျဉ်းစခန်းတွင် ကူးစက်ရောဂါဖြစ်၊ မြန်မာ ၆ ဦးသေဆုံး

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ တရားမ၀င်နေထိုင်သူ နိုင်ငံခြားသားများကို ထားရှိသည့်  စခန်းတစ်ခုတွင် ကူးစက်ရောဂါပိုးတမျိုးကြောင့် မြန်မာနိုင်ငံသား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ယခင်လကလည်း ရောဂါပိုး ကူးစက်ခံရသည့်   ၇ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ထားကြောင်း  မြန်မာသံရုံး ဒုအတွင်းဝန် ဦးသီဟဟိန်းက ပြောသည်။
ထိုထိန်းသိမ်းရေးစခန်းတွင် ၂၀၀၇ ခုနှစ်ကလည်း အလားတူ ဖြစ်ပွားပြီး မြန်မာနိုင်ငံသား ၇ ဦးသေဆုံးခဲ့သည်ဟု သူက ဆက်ပြောသည်။
စခန်းတွင် မြန်မာနိုင်ငံသား ၄၀၀ ကျော်ရှိနေပြီး မလေးရှားတနိုင်ငံလုံးရှိ ထိန်းသိမ်းရေးစခန်း  ၁၁ ခုတွင် မြန်မာနိုင်ငံသား ၂,၀၀၀ ခန့်ရှိနေသည်ဟု ဆိုသည်။ (ကိုးကား - 7Day Daily)

စစ်အရာရှိဟောင်းများ တရားရေးတွင် ခန့်အပ်မှု ဆန့်ကျင်ခံရ

တပ်မတော်အရာရှိဟောင်းများအား တရားရေးဌာန ထိပ်တန်းရာထူးများတွင်ခန့်အပ်မှု ဆန့်ကျင်ခြင်း လှုပ်ရှားမှုကို နေပြည်တော်ရှိ ရှေ့နေတချို့က စက်တင်ဘာ ၉ တွင် စတင်လိုက်သည်။
ရင်ဘတ်တွင် ဖဲကြိုးဝါတပ်ဆင်သည့် ထိုလှုပ်ရှားမှုကို နိုင်ငံအနှံ့ ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှေ့နေတစ်ဦးဖြစ်သည့် ဦးခင်မောင်ဇော်က ပြောသည်။
ယခင်လကလည်း စစ်အရာရှိတချို့အား ကျန်းမာရေးဌာန ထိပ်တန်းရာထူးများ ခန့်အပ်မှု ပေါ်ပေါက်လာရာ လက်မခံနိုင်သူများက ကန့်ကွက်ခဲ့သဖြင့် ခန့်အပ်မှု ပြန်လည် ရုပ်သိမ်းသွားသည်။ (ကိုးကား - စံတော်ချိန်)

ကလေးများကိုမလေးရှားပို့ပြီးတောင်းရမ်းမှု ရဲတပ်ဖွဲ့ဖော်ထုတ်
ကလေးများကို မလေးရှားနိုင်ငံသို့ပို့ပြီး  တောင်းရမ်းစေခိုင်းသည့်ဂိုဏ်းတွင် ပါဝင်သည်ဟုယူဆရသူ လင်မယားနှစ်ဦးကို ရန်ကုန်တွင် စက်တင်ဘာ ၇ ရက်နေ့က ဖမ်းဆီးမိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ၊ ဒလ၊ သန်လျင်၊ တွံတေးမြို့နယ်တို့မှ ကလေး ၉ ဦးကို မလေးရှားပို့ခဲ့သည့် ထိုဂိုဏ်းမှ အဓိက စေခိုင်းသူတို့ကို ဖမ်းဆီးရမိခြင်း မရှိသေးဟု ဆိုသည်။ (ကိုးကား - The Voice)

Archive