လွတ်ငြိမ်းချမ်းသာခွင့်ကို သတိထားဆောင်ရွက်မည်
သမ္မတအမိန့်ဖြင့် ထောင်မှလွတ်မြောက်သွားသူ အများအပြား နောင်တ မရဘဲ ပြစ်မှုပြန်လည်ကျူးလွန်ကြသဖြင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လျော့ပေးခြင်းတို့ကို အထူးအလေးထားပြီး ဆောင်ရွက်တော့မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်တွင် တရားခံပြေးလိုက်လံဖမ်းဆီးသည့် ရဲနှစ်ဦး ဓားထိုးခံရသည့်သတင်း ထွက်ပေါ်လာပြီး ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။ (ကိုးကား - The Messenger)
ပြည်ပရောက်မြန်မာနှစ်သန်းကျော် မဲပေးခွင့်လွဲချော်
ပြည်ပရောက် မြန်မာနိုင်ငံသား နှစ်သန်းကျော်ရှိသော်လည်း အဝေးရောက်မဲပေးရန်အတွက် နောက်ဆုံးသတ်မှတ်ချိန်အမီ စာရင်းပေးသွင်းနိုင်သူမှာ ၁၈,ဝဝဝ ခန့်သာရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပြည်ပရောက် နိုင်ငံသား ၂,ဝ၂၁,၉ဝဝ ရှိကြောင်း သိရသည်။ (ကိုးကား - စံတော်ချိန်)
ရေဘေးသင့်ဒေသတွင် လိုအပ်ပါက ရွေးကောက်ပွဲရက်ရွှေ့မည်
ရေဘေးသင့်ဒေသများ၏ လမ်းပမ်းဆက်သွယ်ရေး အခြေအနေကို စောင့်ကြည့်လျက်ရှိပြီး လိုအပ်ပါက ယင်းဒေသများတွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။
ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ဒေသတို့ကို သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် သမ္မတက ဇူလိုင် ၃၁ ရက်နေ့တွင် ကြေညာထားသည်။ (ကိုးကား - The Voice Daily)