စက်တင်ဘာ ၂၁ သတင်းများ

ဘာသာရေးအသုံးချမဲဆွယ်မှုမှာ အောက်တန်းကျသည်ဟု ဒေါ်စုပြော 

ဘာသာရေးကို အသုံးချပြီး မဲဆွယ် စည်းရုံးခြင်းသည်  အောက်တန်းကျနိုင်ငံရေးကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  စက်တင်ဘာ ၂ဝ ရက်နေ့ နေပြည်တော် မဲဆွယ်ပွဲတွင် ပြောလိုက်သည်။

ဒီချုပ် အာဏာရလာပါက  မြန်မာပြည်ကို ဘာသာခြားတို့လွှမ်းမိုးမည်ဟူသော လှုံ့ဆော်မှုနှင့် ပတ်သက်ပြီး မေးမြန်းလာမှုကို ထိုသို့ ဖြေကြားလိုက်ခြင်း ဖြစ်ပြီး  ပြည်သူများ နုံအ၊ ယုံလွယ်သည်ဟူယူဆသူများက ထိုအောက်တန်းကျ နိုင်ငံရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

သြဂုတ်လ ၃ဝ ရက်က ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်တွင် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောနေစဉ် “ရိုဟင်ဂျာကိုထောက်ခံသည့် NLD ပါတီအလိုမရှိ” ဆိုသော စာတမ်းများဖြင့် လူတစ်စု ဆန္ဒပြခဲ့ကြသည်။ (ကိုးကား -The Daily Eleven)

အစိုးရနှင့် ပလောင်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးမည်

ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ပလောင်ပြည်လွတ်မြောက်ရေးအဖွဲ့နှင့် အစိုးရတာဝန်ရှိသူများ ယခုလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုဆွေးနွေးပွဲသည်  နှစ်ဘက် အပစ်ရပ်စာချုပ် သီးသန့်ရေးထိုးရန်ဦးတည်မည့်သဘောရှိပြီး၊ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် ပလောင်အဖွဲ့ ပါဝင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန အကြီးတန်းအကြံပေး  ဦးလှမောင်ရွှေက ပြောသည်။ (ကိုးကား - 7Day Daily) 

လုံခြုံရေးတာဝန်ကျစစ်သည်များ ကြိုတင်မဲ ပေးနိုင်

ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ယူရမည့်  တပ်မတော်သားများ ကြိုတင်မဲထည့်နိုင်ကြောင်း၊ ကျန်တပ်မတော်သားများနှင့် တပ်မိသားစုဝင်များ မဲရုံသို့ ကိုယ်တိုင်သွားရောက် မဲထည့်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက ပြောသည်။

ကြိုတင်မဲပေးနိုင်သော အရပ်သားများထဲတွင် အမှုရင်ဆိုင် အချုပ်ခံနေရသူ၊ ဆေးရုံတက်နေသူ၊ နိုင်ငံပြင်ပသို့ တရားဝင် ရောက်ရှိနေသူတို့ ပါဝင်သည်။ (ကိုးကား - Messanger Daily) 

Archive