အမတ်လောင်း သမ္မတရုံးဝန်ကြီးကို NLD ကန့်ကွက်မှု အလုပ်မဖြစ်
နိုင်ငံသားဖြစ်တည်မှုနှင့်ပတ်သက်ပြီး NLD က ကန့်ကွက်ထားသော သမ္မတရုံးဝန်ကြီး ဦးသိန်းညွှန့်၏နောက်ကြောင်းကို အသေးစိတ်စစ်ဆေးခဲ့ခြင်းမရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုလိုက်ပြီဖြစ်သောကြောင့် NLD ကန့်ကွက်ချက်ကို လက်ခံစဉ်းစားမည်မဟုတ်ဟု မအူပင်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောသည်။
၁၉၄၈ ခုနှစ်တွင်မွေးဖွားသူဦးသိန်းညွှန့်၏ မိဘများမှာ တရုတ်နိုင်ငံမှ ပြောင်းရွှေ့လာသူများဖြစ်ကြောင်း၊ ဖခင်မှာ နိုင်ငံသားမဖြစ်မီ ၁၉၅၂ ခုနှစ်တွင် ကွယ်လွန်ကြောင်း ကန့်ကွက်စာတစ်စောင်တွင် ဖော်ပြထားသည်။
ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကလည်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်အရာရှိဟောင်း ဦးသိန်းညွှန့်နှင့် ပတ်သက်ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း ပြောသည်။ (ကိုးကား - မြန်မာတိုင်းမ်)
ခင်ပွန်းများကြောင့် အမျိုးသမီးအမတ်လောင်း အရေအတွက်ကျဆင်း
ဝံသာနု ဒီမိုကရေစီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီး ဦးရေ ၂ဝ ပါဝင်ရန် စီစဉ်ခဲ့သော်လည်း အိမ်ထောင်ဘက်များနှင့် ပတ်ဝန်းကျင်က ကန့်ကွက်သဖြင့် ၃ ဦးသာ ကျန်ရှိသည်ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာကပြောသည်။
ပါတီ၏ မူဝါဒထဲတွင် လွှတ်တော်အတွင်း အမျိုးသမီးကိုယ်စားလှယ်(၃၀)ရာခိုင်နှုန်း ပါဝင်ရေး၊ အမျိုးသမီးများ တန်းတူအခွင့်အရေး ရရှိရေး စသည့် အချက်များ ပါဝင်သည်။ (ကိုးကား - The Messenger )
လိုင်စင်မရှိဘဲ ဒေါ်လာသုံးသည့်လုပ်ငန်းများကို နှစ်ကုန်ပိုင်းတွင်အရေးယူမည်
ကျပ်ငွေအစား ဒေါ်လာအသုံးပြုမှု တွင်ကျယ်နေခြင်းကို နှစ်ကုန်ပိုင်းတွင် စတင် အရေးယူတော့မည်ဖြစ်သောကြောင့် လုပ်ငန်းရှင်များ ပြင်ဆင်ချိန် ၂ လ ရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ပြောသည်။
ဈေးနှုန်းကို ဒေါ်လာဖြင့် သီးခြားဖော်ပြသော၊ ဒေါ်လာနှင့်ကျပ် နှစ်မျိုးစလုံးလက်ခံသော လုပ်ငန်းတို့ကို ရန်ကုန်ရှိ နေရာအများအပြားတွင် တွေ့ရသည်။
နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုး မရှိဘဲ ဝန်ဆောင်မှုကိုနိုင်ငံခြားငွေဖြင့်လက်ခံသူသည် ငွေဒဏ်၊ သုံးနှစ်ထက်မပိုသောထောင်ဒဏ်တို့နှင့် ရင်ဆိုင်ရမည်ဟု ၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ (ကိုးကား - မြန်မာတိုင်းမ်)