စက်တင်ဘာ ၄ သတင်းများ

စစ်သား၊ ရဲ၊ ဝန်ထမ်းများကို လူ့အခွင့်အရေးပညာပေးမည်
ကာကွယ်ရေး၊ ပြည်ထဲရေး အပါအဝင် ဌာနတချို့မှ ဝန်ထမ်းများကို လူ့အခွင့်ရေး ပညာပေး သင်တန်းပေးမည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဥာဏ်ဇော်က ပြောသည်။
ယခုလ စတင်အကောင်အထည်ဖော်သည့် ၃ ရက် သင်တန်း တက်ရမည့်သူများထဲတွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး၊ ပညာရေးဌာနမှ ဝန်ထမ်းများလည်း ပါဝင်သည်ဟု ဆိုသည်။ ဇူလိုင်လအတွင်း ကော်မရှင်သို့ ရောက်လာသော စာ ၁၁၇ စောင်တွင် ဝန်ထမ်းများ ပါဝင်ပတ်သက်သည့် အမှု ၄၉ မှု ရှိသည်။ (ကိုးကား - The Messenger Daily)
စစ်ကိုင်းတွင် နေရာရွှေ့ရမည့် ရေဘေးသင့်ရွာ ၂ဝ နီးပါးရှိ
ရေတိုက်စားခြင်း၊ နုန်းအနယ်ကျခြင်း၊ သဲဖုံးခြင်းတို့နှင့် ရင်ဆိုင်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရေဘေးသင့်ရွာ ၂ဝ နီးပါးမှ ဒေသခံများကို နေရာပြောင်းရွှေ့ပေးမည်ဟု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။

တမူး၊ ကလေး၊ ကလေးဝမြို့နယ်တို့တွင် ပါဝင်သော ထိုကျေးရွာများ ပြောင်းရွှေ့ရေး ၎င်းလုပ်ငန်းစဉ်ကို အောက်တိုဘာ ၃ဝ နောက်ဆုံးထား လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။ (ကိုးကား - Democracy Today)
မန္တလေးတွင် လုံခြုံရေးကင်မရာ ၄ဝ တပ်ဆင်မည်
လုယက်မှုကျူးလွန်ရာမှ လူသေဆုံးသည်အထိ ဖြစ်ပေါ်နေသည့် မန္တလေးမြို့တွင် လူစည်ကားသည့်နေရာများကို လုံခြုံရေးကင်မရာ ၄ဝ တပ်ဆင်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ ၃ လအတွင်း အပြီးတပ်ဆင်မည့် ထိုကင်မရာများကြောင့် ပြစ်မှုကျူးလွန်မည့်သူကို အဟန့်အတား ဖြစ်စေနိုင်မည်ဟု ဒေသခံတို့က ယူဆကြသည်။
ယာဉ်စည်းကမ်းဖောက်သူကိုလည်း ကင်မရာမှတ်တမ်းမှတစ်ဆင့်ခြေရာခံပြီး အရေးယူသွားမည်ဟု မြို့တော်ဝန်က ပြောသည်။ (ကိုးကား - The Voice Daily)

Archive