မဘသစာစောင် ပြည်ခိုင်ဖြိုးပါတီဝင်တို့ဖြန့်နေကြောင်း NLD စွပ်စွဲ
အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့၏ လက်ကမ်းစာစောင်များကို ဧရာဝတီ၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်ခိုင်ဖြိုးပါတီဝင်တို့ ဖြန့်ဝေခဲ့သည်ဟူသော အထောက်အထားများကို ရရှိထားသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဝင်းထိန်က ပြောလိုက်သည်။
လက်ကမ်းစာစောင်တွင် NLD က မျိုးစောင့်ဥပဒေများကို မထောက်ခံသဖြင့် မဲမပေးသင့်ကြောင်း ရေးသားထားသည်ဟု ဆိုသည်။ (ကိုးကား - The Messenger)
နိုင်ကျဉ်းလွတ်မြောက်ရေးတောင်းဆိုရန် ပါတီများကိုတိုက်တွန်း
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ပါတီများက ဝိုင်းဝန်းတောင်းဆိုသင့်သည်ဟု လူ့အခွင့်အရေးအဖွဲ့တချို့က တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသား ၁ဝ၈ ဦး ရှိနေပြီး အမှုရင်ဆိုင်နေရသော တက်ကြွလှုပ်ရှားသူ ၄၅၉ ဦး ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ သြဂုတ်လ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ (ကိုးကား - The Daily Eleven)
ရေငုပ်သင်္ဘောနှင့် လေယာဉ် ဝယ်လိုကြောင်း တပ်ချုပ်ပြောကြား
မြန်မာ့တပ်မတော်အတွက် ရေငုပ်သင်္ဘောနှင့် လေယာဉ်များ လိုအပ်နေပြီး လွှတ်တော်က ချပေးသော ဘတ်ဂျက်အခြေအနေအရ ၂ နှစ်၊ ၃ နှစ်ခန့်အကြာတွင် ဝယ်ယူနိုင်ဖွယ်ရှိသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဝယ်ယူရေးအတွက် အတင်းအကျပ် တောင်းဆိုမည်မဟုတ်ကြောင်း၊ တပ်မတော်က ဒေသတွင်း အခြားတပ်မတော်များကို အမီလိုက်နိုင်ရန် ကြိုးစားနေရကြောင်း သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)