တိုင်းရင်းသားဒေသတွင် ဝင်ပြိုင်ရခြင်းအကြောင်းရင်း ဒေါ်စုရှင်းလင်း
အာဏာရပါတီ ကိုယ်စားလှယ်တို့က တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များတွင် အရွေးခံမည်ဖြစ်သောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ဒေသခံတို့နှင့် တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
NLD က ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာ အများဆုံး ရရှိလိုသည်ဟု သူက ဆက်ပြောသည်။ (ကိုးကား - The Voice Daily)
ရွေးကောက်ပွဲကာလ ရခိုင်ဒေသလုံခြုံရေး တိုးမြှင့်မည်
နိုဝင်ဘာရွေးကောက်ပွဲ ကာလတွင် ရခိုင်ပြည်နယ်အတွင်းသို့ အကြမ်းဖက် အဖွဲ့များ ဝင်ရောက်လာနိုင်သဖြင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင်
လုံခြုံရေး တိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက စစ်တွေမြို့တွင် လူမှုရေးအဖွဲ့အစည်းများနှင့် စက်တင်ဘာ ၄ ရက်နေ့က တွေ့ဆုံစဉ် ပြောလိုက်သည်။
ပြည်နယ်အတွင်း လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြပြီး ရွေးကောက်ပွဲ ပျက်ပြားအောင် ဆောင်ရွက်နိုင်သောကြောင့် သံဃာတော်များ၊ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများက သတိထားစောင့်ကြည့်ရန်လည်း သူက တိုက်တွန်းလိုက်သည်။ (ကိုးကား - Democracy Today)
သတ်မှတ်ရက်မတိုင်ခင် ဝန်ကြီးတစ်ဦးမဲဆွယ်နေဟု NLD စွပ်စွဲ
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို သတ်မှတ်ထားသည့်ရက်မတိုင်မီ မဲဆွယ်မှုဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့ တရားဝင်မဲဆွယ်ခွင့်ကာလ မတိုင်ခင် ၄ ရက်အလိုတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က သူဝင်ပြိုင်မည့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွင်း "ကိုယ်စားလှယ်ဦးမြင့်လှိုင်ကို ဒို့အားလုံး ထောက်ခံဆန္ဒမဲ ပေးကြပါစို့" စာတန်းပါ လက်ဆောင်ပစ္စည်းများ ပေးခဲ့သည်ဟု NLD က ပြောသည်။ (ကိုးကား - The Daily Eleven)