တပ်နယ်မြေကြိုတင်မဲကိစ္စ ကာတာစင်တာထောက်ပြ
စစ်တပ်အခြေစိုက်ဒေသများတွင် ကြိုတင်မဲနှင့်ပတ်သက်ပြီး စိုးရိမ်စရာရှိကြောင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ရထားသည့် အမေရိကန်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကာတာစင်တာ၏ စက်တင်ဘာ ၂၅ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မဲထည့်ခြင်း အပါအ၀င် ကြိုတင်မဲပေးခြင်းကို အပြည့်အဝ လေ့လာစောင့်ကြည့်သင့်သည်ဟု ကာတာစင်တာက ရွေးကောက်ပွဲကော်မရှင်ကို ထပ်မံ အကြံပြုထားကြောင်း သိရသည်။ (ကိုးကား - 7Day Daily)
မျိုးစောင့်ဥပဒေ အောင်ပွဲ သီတဂူဆရာတော် မိန့်ခွန်းပြောမည်
ကျပ်သိန်း ၁,၅ဝဝ ကျော် အကုန်အကျခံပြီး ရန်ကုန် သုဝဏ အားကစားကွင်းအတွင်း သောကြာနေ့တွင် ကျင်းပမည့် မျိုးစောင့်ဥပဒေ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားကို
သီတဂူဆရာတော် အရှင်ဥာဏိဿရ ကြွရောက် မိန့်ခွန်းပြောကြားမည်ဟု မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သည့် ဦးပါမောက္ခထံမှ သိရသည်။
သံတမန်များ၊ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များတက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဆိုသည်။ (ကိုးကား - The Voice Daily)
မံစီတွင်တိုက်ပွဲဖြစ်ရခြင်းအကြောင်း တပ်မတော် ထုတ်ပြန်
ကချင်ပြည်နယ် မံစီမြို့ တိုက်ပွဲများမှာ ဒေသခံတို့က KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တို့၏ မိုင်းထောင်ဖောက်ခွဲမှုများအကြောင်း တိုင်ကြားသဖြင့် နယ်မြေရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်သတင်းဌာန မြဝတီ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
၃ ရက်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တပ်မတော်ဘက်မှ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရကြောင်း၊ KIA စခန်း ၃ ခုမှ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိကြောင်း သတင်းတွင် ရေးသားထားသည်။ (ကိုးကား - မြဝတီ)