ပြည်ခိုင်ဖြိုးအတွက်မဲဆွယ်သူ အထူးရဲကို တာဝန်မှ ရုပ်သိမ်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ဒေသခံ ရွေးကောက်ပွဲအထူးရဲတပ်ဖွဲ့ဝင်တစ်ဦး ပြည်ခိုင်ဖြိုးပါတီ စတစ်ကာများ လိုက်လံကပ်ခဲ့ပြီး မဲဆွယ်စည်းရုံးသည်ကို စုံစမ်းတွေ့ရှိရသဖြင့် တာဝန်မှ ရုပ်သိမ်းလိုက်ကြောင်း ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လွင်မောင်သိန်းက ကြာသပတေးနေ့တွင် ပြောသည်။
တနင်္လာနေ့က ထိုသို့ မဲဆွယ်စည်းရုံးခဲ့ကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုင်တန်းခဲ့ခြင်းဖြစ်သည်။ (ကိုးကား - 7Day Daily)
မဲဆွယ်ခွင့်ပိတ်ပင်ထားခြင်းကို SSA ပြန်ရုပ်သိမ်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA က ၎င်းတို့၏ ထိန်းချုပ်နယ်မြေအနီးတဝိုက်တွင် မဲဆွယ်ခွင့်ပိတ်ပင်ထားခြင်းကို ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း အောက်တိုဘာ ၁ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ နိုင်ငံရေးပါတီများထံ စာပို့ အကြောင်းကြားလိုက်သည်။
ပါတီများမဲဆွယ်ခွင့်ကို စက်တင်ဘာ ၁၇ ရက်နေ့ မှ စတင်ပြီး ၂ ပတ်ကြာ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ (ကိုးကား - The Voice Daily)
ADB အရာရှိ ၂ ဦး ပါဝင်သော ကရင်ဒေသဆွေးနွေးပွဲ တားမြစ်ခံရ
ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ဒေသခံတို့၏ လူမှုအကျိုးစီးပွားဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ နိုင်ငံခြားသားနှစ်ဦး တက်ရောက်သောကြောင့် ပြည်နယ်အစိုးရက ပိတ်ပင်လိုက်ကြောင်း လူငယ်အ၀ိုင်းအ၀န်း (Youth Circle) အဖွဲ့မှ ကိုစောညီညီဟိန်းက ပြောသည်။
ဘားအံမြို့တွင် စက်တင်ဘာ ၂၄ မှ စတင်ပြီး သုံးရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲကို ပထမနေ့တွင်ပင် ပိတ်ပင်လိုက်ခြင်းမှာ နိုင်ငံခြားသားနှစ်ဦး တက်ရောက်သောကြောင့် မဟုတ်ဘဲ ပွဲကျင်းပခွင့်မတောင်းထားသောကြောင့်ဖြစ်သည်ဟု မြို့ နယ်အထွေထွေ အုပ်ချူပ်ရေးမှူး ဦးရဲမင်းအောင်က ပြောသည်။ (ကိုးကား - 7Day Daily)