အောက်တိုဘာ ၉ သတင်းများ

ပါတီလှုပ်ရှားမှုတွင် ကလေးများပါဝင်စေခြင်းကို ဓမ္မစကူးလ်စိုးရိမ်
ဓမ္မစကူးလ်ဖောင်ဒေးရှင်းက ၎င်း၏အမည်၊ အမှတ်တံဆိပ်၊ အလံတို့ကို နိုင်ငံရေးပါတီ လှုပ်ရှားမှုများတွင် အသုံးမပြုရန်
 ဗုဒ္ဓဟူးနေ့တွင် ကြေညာချက်ထုတ် တားမြစ်လိုက်ပြီး ဓမ္မစကူးလ် ကျောင်းတချို့တွင် ကလေးများကို  နိုင်ငံရေးပါတီလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခိုင်းနေသည်ကို စိုးရိမ်ကြောင်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
နိုင်ငံအနှံ့တွင် မူလတန်းအရွယ်ကလေးများအတွက်  တနင်္ဂနွေနေ့တိုင်းဖွင့်သော ဓမ္မစကူးလ်သင်တန်းကျောင်းပေါင်း ၅,ဝဝဝ ထက်မနည်း ရှိနေကြောင်း သိရသည်။  ဓမ္မစကူးလ်များကို ဘုန်းကြီးကျောင်းများနှင့် တွဲဘက်ဖွင့်ထားသည်။ (ကိုးကား - 7Day Daily)

ကိုကိုးကျွန်းသွားမည့်လေယာဉ်ပေါ် ပြည်ခိုင်ဖြိုးလိုက်ခွင့်ရ၊ NLD ကျန်ရစ်
ကိုကိုးကျွန်းသို့ အောက်တိုဘာ ၆ ရက်နေ့တွင် သွားရောက်သည့် တပ်မတော်လေယာဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ လိုက်ပါခွင့်ရသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ လိုက်ပါခွင့် မရကြောင်း  NLD အမတ်လောင်းတစ်ဦးဖြစ်သည့်  ဦးဝင်းမင်းကပြောသည်။
ကူးသန်းသွားလာရန် ကန့်သတ်ထားသော ကိုကိုးကျွန်းနယ်မြေသို့  NLD  ပါတီမှ ကိုယ်စားလှယ်လောင်းများ သွားရောက်ရန် အမည်စာရင်း တင်ထားသော်လည်း တပ်မတော်က သဘောမတူသောကြောင့် လိုက်ပါခွင့်မရခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရကြောင်း သူက ရှင်းပြသည်။   (ကိုးကား - The Voice Daily)

အပစ်ရပ်စာချုပ်တွင် မပါဝင်နိုင်သေးသော SSPP/SSA ထိုးစစ်ဆင်ခံရ
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ရက်ပိုင်းအလိုတွင်  အစိုးရတပ်၏ ထိုးစစ်နှင့် ရုတ်တရက် ရင်ဆိုင်နေရသည်ဟု ရှမ်းပြည်တပ်မတော် SSPP/SSA က  ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
တိုက်ပွဲမဖြစ်ပွားသည်မှာ ငါးလကျော်ကြာခဲ့ပြီဖြစ်ကြောင်း၊  စာချုပ်တွင် လက်မှတ်ထိုးရေးအတွက် ဖိအားပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
ရှမ်းပြည်နယ်တွင် အခြေစိုက်သည့် သီးခြားအဖွဲ့တစ်ခုဖြစ်သည့် RCSS/SSA ကမူ စာချုပ်ကို လက်မှတ်ထိုးမည်ဟု  ဗုဒ္ဓဟူးနေ့တွင် ကြေညာထားသည်။ (ကိုးကား - The Voice Daily)

Archive